ဒီလိုချစ်စရာကောင်းတဲ့ သမီးလေးသေဆုံးရတဲ့ တရားခံ ရောဂါအရင်းအမြစ်

အွန်လိုင်းမှာပျံ့နှံ ့နေတဲ့ ချစ်စရာ ကလေးငယ်လေးသေဆုံံးမှု အတွက် မိခင် ဖြစ်သူရဲ့ သောက နဲ့

အဆိုပါ ရောဂါ အကြောင်း ဒေါက်တာ တင့်ဆွေ ရဲ့

ရှင်းလင်းပြောကြားချက်

အဆိုပါ ရောဂါ အကြောင်း ဆေးပညာရှုထောင့်မှ "ဒေါက်တာ တင့်ဆွေ" ရဲ့ ရှင်းလင်းပြောကြားချက်

အ ွန်လိုင်းမှာပျံ့နေတဲ့ ကလေးငယ်လေးသေဆုံးရတယ်ဆိုတဲ့ရောဂါ ဆိုတာ

Intussusception အူထဲ အူဝင်

အခုပဲရတဲ့မေးခွန်း = ဆရာရှင့် ဖားအံမှာ ၁၁ လအရွယ် ကလေးလေးတစ်ယောက် အူစွပ်ပြီးဆုံးသွားလို့တဲ့။ တခါမှ မကြားဖူးလို့ပါ။ အဲ့ဒါဘယ်လိုရောဂါမျိုးလဲ ဘာလက္ခဏာတွေပြလဲရှင့်။ ငယ်ငယ်တုန်းကတော့ ကလေးတွေထမင်းစားပြီး ခါးလိမ်ရင်း ကုန်းကုန်းကွကွလုပ်ရင် မလုပ်နဲ့အူခေါက်မယ်လို့ ပြောကြတယ်။ အဲ့လိုမျိုးဖြစ်တာလားရှင့်

အရင်ကမေးတဲ့မေးခွန်း = အူထပ်တယ်ဆိုတာ ဘာဖြစ်လို့ပါလဲဆရာ။ မကြားဖူးလို့ပါရှင့်။ ကျွန်မမှာလဲ ကလေးရှိတော့ ဆင်ခြင်နိုင်အောင် ပြောပြပေးပါအုံးဆရာ။ အစားမှာလို့လား အနေမှားလို့လားဆရာ။

မေးခွန်းတွေသာ ဖတ်ရတယ်။ ဆေးရုံကုတင်ပေါ်က ကလေးတယောက်ပုံတော့ ကြည့်ရတယ်။ ကျား-မ-အသက် မသိရ။ နောက်ခံရာဇဝင် မသိရ၊ မမြင်ရ၊ မစမ်းရဆိုတော့ မှန်းဆရတော့မှာပဲ။ အဲတာကို Intussusception လို့ အသံထွက်ခက်တဲ့ ဆေးစာလုံးနဲ့ ခေါ်တယ်။ မြန်မာလို တယောက်တမျိုး ဘာသာပြန်တယ်။ ကျွန်တော်ကတော အူထဲကို အူဝင်ခြင်းလို့ ပြောလေ့ရှိတယ်။ ရှေ့ (အောက်) အူထဲကို နောက် (အထက်) အူကနေ တိုးဝင်တာ။ ဘေးတိုက်ကြည့်ရင် ထပ်နေသလို။ မြင်လွယ်အောင်ပြောရရင် ရေဒီယိုအပေါ်က အင်တာနာတိုင်လို၊ အဝေးကြည့် တယ်လီစကုပ်လို။ ကြီးတာထဲကို သေးတာကို ထိုးထည့်နိုင်တာမျိုး။

အဲတာ အရေးပေါ်ခွဲစိတ်ရတာထဲကတခုဖြစ်တယ်။ အစာအိမ်ပေါက်တာ၊ အူအတက်ပေါက်တာ၊ ပြန်မဝင်နိုင်တဲ့ အူကျတာနဲ့ အူပိတ်တာတွေက အရေးပေါ်တွေဖြစ်တယ်။ အူပိတ်တာတွေထဲက တခုဟာ အဲတာပဲ။

အဲလို အူထဲကို အူဝင်တော့ အူလမ်းကြောင်းပိတ်လာမယ်။ အူထဲရှိတာတွေက အောက်ဆက်မဆင်းနိုင်ဖြစ်လာမယ်။ ဗိုက်ဖောင်းလာမယ်။ နာမယ်။ အန်မယ်။ ကြာလေ အူကရောင်လာလေ။ ပိုပိတ်လေ။ သွေးမလျှောက်ရင် အူအစိတ်အပိုင်း သေသလိုဖြစ်လာမယ်။ အရေးပေါ်ဖြစ်တယ်။

ကလေး ၁ဝဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိဖြစ်တတ်တယ်။ ၅ လကနေ ၉ လသားလေးတွေဖြစ်တာများတယ်။ ယောက်ျားလေးတွေက ပိုဖြစ်တယ်။ ကလေးတွေမှာအဖြစ်များတယ်ဆိုပေမဲ့ ကျွန်တော် လူကြီးတွေကိုပါ ခွဲပေးခဲ့ရတယ်။ ဆေးသုတေသန လုပ်ချိန်မရှိတော့ ကိန်းဂဏန်းနဲ့ မပြောနိုင်ပါ။

ရုတ်တရက်ဖြစ်တယ်။ ကလေး ငိုမယ်။ ဒူးကို ရင်ပတ်ဆီဆွဲယူပြီး ငိုမယ်။ တချက်တချက် သက်သာလာလို့ အငိုရပ်မယ်။ ပြန်နာမယ်။ ဗိုက်ဖောင်းလာမယ်။ အန်လာမယ်။ အန်တာမှာ စိမ်းဝါရောက်အရည် (သည်းခြေရည်) ပါမယ်။ ခါးတယ်။ ဝမ်းသွားရင် သွေးပါမယ်။ အချွဲပါမယ်။ ကလေး အားနည်းလာမယ်။ ကိုယ်ပူလာနိုင်တယ်။ ရှော့ရသလိုဖြစ်လာနိုင်တယ်။ သွေးဖိအားကျမယ်။ နှလုံးခုန် မြန်မယ်။

ဘာလို့ဖြစ်သလဲ။ မသဲကွဲပါ။ တချို့ ဝမ်းပျက်ရာကနေဆက်ဖြစ်တယ်။ အစာအိမ်တုပ်ကွေးခေါ်တာမျိုး။ လူကြီးဆိုရင် အူထဲမှာ အသားပိုရှိသလား ကြည့်ရမယ်။

ဘယ်လိုသိနိုင်မလဲ။ လူနာခံစားနေရတာတွေကို အခြေခံမယ်။ မျက်စိနဲ့ကြည့်တာ၊ လက်နဲ့စမ်းတာ၊ အာလ်ထွာဆောင်း၊ ဓါတ်မှန်။

သေချာရင် အရေးပေါ်ခွဲစိတ်ခန်းဝင်ရမယ်။ ခုခေတ်မှာ barium or air enema နည်းနဲ့အရင်လုပ်ကြတယ်။

ကျွန်တော် တောနယ်တွေမှာ တာဝန်ကျစဉ်က ၄-၅ ယောက်ခွဲပေးရဘူးတယ်။ ဓါတ်မှန် မရှိပါ။ အာလ်ထွာဆောင်း မပေါ်သေးပါ။ ရောဂါလက္ခဏာတွေဖတ်တာကိုသာ အားကိုးရတယ်။ အများအားဖြင့် အူမကြီးအစပိုင်းနေရာထဲကို အူသိမ်အဆုံးပိုင်းက ဝင်တယ်။ အူအတက်လေးက အောက်မှာ။ အူသိမ်ထဲကို အူသိမ်ဝင်တာလည်း ကြိုရဘူးတယ်။ ဗိုက်ကို သေချာကြည့်ရင် ချက်ပတ်လည်မှာ ဝက်အူချောင်းလိုသဘော စမ်းလို့ရတယ်။

ဗိုက်ဖွင့်တာနဲ့ တန်းတွေ့တယ်။ လူနာကို စောစောတွေ့လို့ မြန်မြန်ဗိုက်ဖွင့်ရင် လူနာသာမက ဆရာဝန်ပါ ကံကောင်းတယ်။ တိုးဝင်နေတဲ့ အူကို ဆွဲထုတ်ယူရတယ်။ အတင်းဆွဲလို့မရ။ အူထဲတိုးဝင်နေတဲ့ ထိပ်နေရာကို ဝင်ခံရတဲ့အူ အပြင်ကနေ နောက်ပြန်ထုတ်ပေးရတယ်။ ရေနွေးဝတ်က အလွန့်အလွန် အသုံးကျတယ်။ အထက်နေရာကနေ နောက်တွန်းပေး၊ အောက်ကဝင်နေတာ အသာအယာဆွဲယူ။ ဘယ်လောက်ဝင်နေသလဲ သိပ်တော့ မရှည်ပါ။ ကျွတ်ထွက်တာနဲ့ ရေနွေးဝတ်ကပ်ပေတော့။ ညိုပြာပြာဖြစ်နေတဲ့ အူက ပန်းရောင်းဖြစ်လာရင် ကောင်းပြီ။ အဝင်ခံရတဲ့အူက ကျယ်နေတာကလွဲရင် ဘာမှမဖြစ်ပါ။ တိုးဝင်တဲ့အူအစိတ်အပိုင်း ရေနွေးဝတ်နဲ့ ပြန်မကောင်းရင်၊ ညိုမည်းနေတာ မပျောက်ရင်တော့ မကောင်းတဲ့နေရာကိုဖြတ်ပြီး ကောင်းတာချင်းသာ ဆက်ပေးပေတော့။ ခက်ပြီ။ အခက်ကြီးတော့ မဟုတ်ပါ။ သုံးထပ်ချုပ်ရတယ်။ အူသိမ်ထဲကဟာတွေ အပြင်မထွက်စေနည်းသာ သတိထားရတယ်။ အဲတာတွေက ဝမ်းဖြစ်တော့မယ့် အညစ်အကြေးတွေ။ အူညှပ်ကိရိယာရှိရင် အဆင်ပြေတယ်။ မရှိလည်း ကြံရဖန်ရတယ်။ တောမှာကျတဲ့ ဆရာဝန်တွေ၊ (မဆလ) ခေတ်ကဆရာဝန်တွေ အကြံအဖန်တတ်ကြရပါတယ်။

အဲလိုလူနာခွဲပေးပြီးရင် စိတ်အင်တန်ပျော်တယ်။ တစ်ဆို့ပိတ်နေတာကို ကောင်းအောင်လုပ်ပေးလိုက်ရလို့။ လမ်းကြောင်း မှန်အောင် လုပ်ပေးနိုင်လို့။ အမှားပြင်ပေးချင်တဲ့ဝါသနာ အဲဒီကတည်းကပါ။

ဒေါက်တာတင့်ဆွေ

၂၅-၁၂-၂ဝ၁၆

၁ဝ-၅-၂ဝ၁၇

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။