ဒီတခါမှာတော့ ဗဟုသုတလည်းရအောင် ကလေးမေမေဖေဖေတွေလည်း ကိုယ့်သားသမီးလေးတွေကို စကားပြောသင်ပေးနိုင်အောင် ကလေးတွေရဲ့ အရွယ်အလိုက် စကားတတ်ပုံနဲ့ အသံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်.......

မွေးစ- ၃ လ

ခိုးခိုးခစ်ခစ်ရယ်တတ်သည်။

သူ့လိုအင်ပေါ်မူတည်ပြီး ငိုသံလေးများကွဲပြားသည်။

မေမေနှင့် ဖေဖေ့ကို ပြုံးပြသည်။

၄-၆ လ

ဗလုံးဗထွေး စရွတ်တတ်ပြီ။ အထူးသဖြင့် ပ သံ, ဘ သံ နှင့် မ သံ လေးများပြုတတ်သည်။ ခိုးခိုးခစ်ခစ်ပို ရယ်တတ်ပြီ။ စိတ်လှုပ်ရှားလျှင် မကျေနပ်လျှင် အသံပေးသည်။ တစ်ယောက်ထဲ ဆော့လျှင် တဝူးဝူး တကူကူးနှင့် အသံထွက်တတ်သည်။

၇ လ - ၁ နှစ်

ခိုးခိုးခစ်ခစ်သံများ ရှည်လာမည်။ ဥပမာ- တာ့တာ, ဘာဘား, အားအား, ပီပီပီပီ စသော အသံတို့ပါထွက်လာမည်။

သူ့တို့ကို အာရုံစိုက်အောင် အသံပြုတတ်ပြီ။ အသက် ၉ လမှ ၁နှစ် ပတ်ဝန်းကျင်တွင် မေမေ ဖေဖေ တစ်လုံးနှစ်လုံးစပြောကောင်းပြောပြီ။ အချို့လည်း ၃ လုံးထိ ပြောသည်။

သတိကြီးကြီးပြုရန်- ပထမတစ်နှစ်တွင် ကလေးက စကားမပြောသော်လည်း မေမေနဲ့ဖေဖေ ပြောသမျှ နားထောင်နေပါသည်။ ဒုတိယနှစ်တွင် ပြောတတ်ဖို့ရာ စကားလုံးများကို မှတ်မိဖို့ကြိုးစားနေသည်။ ထို့ကြောင့် ကလေးကို အချိန်မီ စကားပြောစေလိုလျှင် ပထမတစ်နှစ်တွင် ကလေးထိန်းရင်း ရိုးရှင်း၍ အသုံးဝင်သော နေ့စဉ်သုံး စကားလေးများကို ဖြေးဖြေးနှင့် ပုံမှန်ပြောပေးပါ။

ဥပမာ- မေမေ ရေချိုးပေးမယ်နော်, သားမျက်နှာလေး သန့်အောင် သုတ်ပေးမယ်, ရေက နွေးတယ်, နို့စို့တော့နော်, အော် သားလေး ဗိုက်ဝပြီလား စသည်ဖြင့် အမြဲပြောပါ။

၁ နှစ်မှ ၂ နှစ်

***ပထမဆင့်

နှစ်လုံးတွဲ စကားလုံးများတိုး၍ ပြောမည်။ ဥပမာ- ရုပ်ရုပ်, မန်းမန်း, တာ့တာ

လတိုင်းလတိုင်း စကားလုံး အသစ်များတိုး၍ ပြောလိမ့်မည်။

ဥပမာ- ကား, ယူ, စား, ရ

*** နောက်တဆင့်

အသက် ၂ နှစ်နီးလာလျှင် နှစ်လုံးပူး မဟုတ်သော စကားလုံးများ ပူးတွဲပြောနိုင်လာမည်။

ဥပမာ- မေမေ မောပီ, ဖေဖေ မုန့်မုန့်ဝယ်

သတိပြုရန်- မသင်ရင် မပြောတာ မဆန်းပါ။ မြင်မြင်သမျှကို ဘယ်လို ခေါ်သည်သင်ပေးပါ။ ဟ(ဥပမာ-ဟုတ်, ဟိုဘက်), ဝ(ဝုတ်ဝုတ်, အာဝါး), သ (သိ, သွား, သူ), န (နဲ, နိုင်, နိုး), ဒ (ဒီမှာ, ဒီလို)-ဟ, ဝ, သ, န, ဒ သံပါသော စကားလုံးများသင်ပေးလို့ရပါသည်။ လမ်းလျှောက်ထွက်လျှင် ကား, သစ်ပင်, မြက်ခင်း, တို့ကို ပြပြီး နာမည်ပြောပြပါ။ အကြိမ်ကြိမ်ပြောလျှင် ကလေးက ကားမြင်လျှင် ကားဟု ပြောလာမည်။ နောက်တစ်ဆင့် တိုးသင်ပါ။ ဟုတ်တယ် အဲ့ဒါ ကား, ကားရဲ့ အရောင်က အနီရောင်ပေါ့ သားရယ် စသည်ဖြင့် သင်ပါ။ ကလေးက ခွေးမြင်၍ ခွေးဟု ရွတ်လျှင် ဟုတ်တယ် ခွေးက အကြီးကြီး (သို့) ခွေးက သေးသေးလေး စသည်ဖြင့် တိုးသင်ပါ။

၂ နှစ်မှ ၃ နှစ်

စကားလုံး ၃ လုံးတွဲများစပြောပြီ။ ပစ္စည်းနှင့် ကစားစရာတောင်းတတ်ပြီ။ ဖ သံ, ဂ သံ, န သံ, ဒ သံများ ပို၍ ပီသလာနိုင်ပြီ။ အချို့က ဘာကြောင့်လဲ လို့ မေးတတ်ပြီ။

သတိပြုရန်- စကားကို ဆက်သင်ပါ။ အရောင်, နံပါတ်, မိသားစုဝင် အမည်လေးများ, နေ့စဉ် အစားအသောက်များ သင်ကြားပါ။ ကဗျာတိုတိုနှင့် ကလေး သီချင်းလေးများ စသင်ပါ။ စာလုံးအပြင် စာကြောင်းများ ပိုသင်ပါ။ ပြောအောင်လည်း မေးခွန်းများများမေးပါ။ မေးပြီးရင်လည်း ဖြေတာကို နားထောင်ပေးပါ။ မရှင်းရင် ထပ်မေးပါ။ လျစ်လျူမရှုပါနှင့်။

ဥပမာ- သားရေသောက်မလားထက် သားရေ ရေနဲ့နို့ ဘယ်ဟာသောက်ချင်လဲ?

၃ နှစ်မှ ၄ နှစ်

စကားလုံး ၄-၅ လုံးပါဝင်သော စာကြောင်းတိုလေးများ အတော်ပြောတတ်ပြီ

မူကြို ပို့လျှင် တနေ့တာ လုပ်ဆောင်မှုများကို မေးလျှင် ပြောပြလိမ့်မည်

ဘယ်သူလဲ, ဘာလဲ, ဘယ်မှာလဲ စသည်တို့ ဖြေနိုင်ပြီ

ဘယ်လိုလုပ်မလဲ, ဘာကြောင့်လဲတို့ မေးနိုင်ပြီ

သတိပြုရန်- စကားကို ဆက်သင်ပါ။ ပုံပြင်လေးများ နေ့စဉ် ပြောပြပါ။ကလေးကို ပြန်ပြောပြခိုင်းပါ။ ဉာဏ်စမ်း ရိုးရိုးလေးများမေးပါ။

မိသားစု ဓာတ်ပုံများပြပြီး မိသားစု ရာဇဝင်လေးမိတ်ဆက်ပေးပါ။

ဥပမာ- သားရေ ဒါက မေ့မေ့ ဖေဖေနဲ့ မေမေ, သားရဲ့ ဖိုးဖိုး ဖွားဖွား, မေမေ့မှာ ညီမတစ်ယောက် အစ်ကို တစ်ယောက်ရှိတယ်။ ဒါဆို သားက ဦးဦးနဲ့ ဒေါ်ဒေါ်ရှိတယ်။

၃ နှစ်ကျော်ထိ အချို့အသံများကို မှန်အောင်မထွက်နိုင်သူ ကလေးများလည်း ရှိပါသည်။ ပုံမှန်ပါ။ မပီလျှင် ချစ်စရာကောင်းသော်လည်း မပီတဲ့ အခါတိုင်းပြင်ပေးပါ။

၄ နှစ်မှ ၅ နှစ်

ကကြီး, ခကွေး, ABCD စာလုံးလေးများ ဖတ်တတ်ပြီ, ၁,၂,၃,၄ ဂဏန်းလေးများ ရေတွက်တတ်မည်။ စာကြောင်း ၂ ဆင့် သို့ ၂ ကြောင်းကို ပေါင်း ပြောတတ်ပြီ။

ဥပမာ- သားမှာ ကားရုပ်လေး အများကြီးရှိပေမယ့် ညီမလေးမှာ ၂ စီးပဲရှိတယ်။

သတိပြုရန်- စကားကို ဆက်သင်ပါ။ အဖြူ အမည်း, အမြင့် အနိမ့်, အကြီးအသေးစတဲ့ ဆန့်ကျင်ဘက် အခေါ်အဝေါ်များ သင်ပေးပါ။ အသီးများ, အသားများရဲ့ အခေါ်အဝေါ်ကို အုပ်စုလိုက် သင်ပေးပါ။ စားပွဲ, ထိုင်ခုံ, မီးလုံးစသော အိမ်ရှိ ပစ္စည်းများကို မြင်ရသလောက် ပြောပြပါ။ တစ်ခုခု ခိုင်းရင် နှစ်ဆင့်ခိုင်းပါ။ ဥပမာ- သားရေ ကြမ်းပြင်က အရုပ်တွေကို ပုံးထဲကောက်ထည့်ပြီးရင် ပုံးကို သူ့နေရာနဲ့ သူပြန်ထားပါ။

ကလေးစကားပြောရင် နားထောင်ပါ, အသိအမှတ်ပြုပါ, ချီးကျူးပါ, အားပေးပါ

တစ်ခါတစ်လေမှာ ကလေးတွေဟာ စကားပြောနောက်ကျတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးမှာ အစိုးရိမ်မလွန်ပါနှင့်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်စကားပြောချိန်ခြင်း မတူတာမို့ ကိုယ့်ကလေး စကားပြောနောက်ကျနေရင် အစိုးရိမ်မကြီးဖို့ ပြောပါရစေ။

Source: Child Health Myanmar

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။