မြန်မာဆန်ဆန်လေးနဲ့လှတဲ့ ပေါက်စီလို့ချစ်စနိုးခေါ်ကြတဲ့အေးဝတ်ရည်သောင်းကိုချစ်ခင်နှစ်သက်သူပရိတ်သတ်များထဲမှ

ပရိတ်သတ်တစ်ဦးကတော့ အေးဝတ်ရည်သောင်းကို ရည်ညွှန်းတဲ့ ကဗျာလေးတစ်ပုဒ်ကိုရေးသားလိုက်ပါတယ် ။

ထိုပရိတ်သတ်က မန္တလေးမှာနေတဲ့ ကဗျာဆရာတစ်ဦးဖြစ်ပြီး သူ့ရဲ့ကဗျာတွေကိုအားပေးကြသူတွေအများအပြားရှိနေသူပါ ။

သူရေးပေးထားတဲ့ အေးဝတ်ရည်သောင်းအတွက် ကဗျာလေးဟာ ကောင်းမွန်လှတာမို့ လူကြိုက်များလာကာ အေးဝတ်ရည်သောင်းကိုယ်တိုင်က

ကျေးဇူးတင်စကားပြောရတဲ့ထိပါပဲ ...

ကောင်းလားမကောင်းလား ကိုယ်တိုင်ပဲဖတ်ကြည့်လိုက်တော့နော် ...

မအေးသောင်းသို့ မပေးဖြစ်တဲ့စာ

-----------------------------------------

ဒီတစ်ပုဒ်က ဒီလိုပါ မအေးသောင်း

စိတ်လိုလက်ရနဲ့ စိတ်လွတ်လက်လွတ်ရေးမိတာပေါ့

ကောက်ရိုးမီးတွေဟာ မအေးသောင်းအလှကို ညွှန်းဖွဲ့တော့

ကျနော့်အခန်းထဲက

၂၀၀၅ ပိုစတာလေးကို ပြုံးပြဖြစ်တယ်

ချစ်စနိုးနဲ့ ပေါက်စီလို့ ခေါ်ခဲ့တာလေး

ကျနော့်စွဲလန်းမှုက မအေးသောင်းအတွက် မငြိမ်းသောမီးပဲ

သူများတွေ နီနီခင်ဇော်ကို နီကြတုန်းက

ကျနော်က မအေးသောင်း…

သူများတွေ လုလုအောင်ကိုလုနေချိန်မှာ

ကျနော်က မအေးသောင်းပဲ…

အခြားမင်းသမီးတွေကို နင်းပြီးမှ

မအေးသောင်းအလှကို မညွှန်းတော့ပါဘူး…

ဥမ္မာဒန္တီ ပဘာဝတီ ကလီယိုပါထရာ

မိုနာလီဇာ မအေးသောင်းရယ်

လူပျိုပေါက်အရွယ်

ကျနော့်နှလုံးသားမြစ်ဖျားခံရာဟာ မအေးသောင်းအပြုံးပဲ

နှစ်များစွာ ပုန်းရှောင်ပြီးမှ

ဝုန်းခနဲပွင့်တဲ့ ပဒုမ္မာကြာလို

ပူလောင်တဲ့အလှတရားတွေကြား

မအေးသောင်းဟာ ဆေးအေးတိုက်ကျွေးသလို

အလာကောင်းသလို အခါလည်းမနှောင်းသေးပါဘူး

အာရှတိုက်ရဲ့ အလှဆုံးဘွဲ့ကို ခံယူလှည့်ပါ…

မအေးသောင်း

အပူဒဏ်ခံနေရတဲ့မြေကို

ရုတ်တရက် ရွာချလိုက်တဲ့မိုးလို

မေတ္တာတွေ တသွင်သွင်စီးရင်း

( သူ့အပြုံးနဲ့ အပူတွေစုပ်ယူသွားတယ် )…

မအေးသောင်း

စစ်အေးကာလမှာ ကြေငြာလိုက်တဲ့ဗုံးသံလို

မအေးသောင်း ပေါ်လာတာနဲ့

ပုရိသတွေကြား တိုက်ပွဲဖြစ်တော့တာပဲ…

ဒီကောင်တွေအတွက်

' သေရင်မြေကြီး ရှင်လည်းမြေကြီး 'ပဲ

ရွှေထီးက မအေးသောင်းနဲ့ကျနော်ဆောင်းဖို့လေ…

မေတ္တာတရားမှာ အသက်အရွယ်မရှိပါဘူး မအေးသောင်း

မအေးသောင်းပျင်းရင် ကျနော့်ကိုမှီပါ

မအေးသောင်းပျော်ရင် ကျနော့်ကိုချီပါ

သက္ကရာဇ်တွေဟာ မအေးသောင်းရဲ့အလှကို မဝါးမြိုနိုင်ရှာ…

ဒီလိုပါပဲ မအေးသောင်းရယ်

နယူတန်ရဲ့နိယာမလို

သက်ရောက်မှုအတွက် တန်ပြန်သက်ရောက်မှုရခဲ့ပါရဲ့…

အုတ်တံတိုင်းကို တိုက်တဲ့ ခေါင်းလို

ဒဏ်ရာတွေ တန်ပြန်သက်ရောက်ခဲ့…

ဓါးသွားကို ဝမ်းသာအားရဆုပ်ကိုင်မိတဲ့လက်ဖဝါးလို

ပြတ်ရှရာတွေ တန်ပြန်သက်ရောက်ခဲ့…

ဘုရင့်သမီးနဲ့ စောင်းသမားလေးဆိုတာ

သိပ်နားထောင်လို့ကောင်းတဲ့ ပုံပြင်တွေပါ…

ကဗျာလက်နဲ့ အကယ်ဒမီခွက်ကို မနှိုက်တော့ပါဘူး

မအေးသောင်းရေ

ပါးကွက်ကြားလေး မြင်ကထဲက လက်နက်ချလိုက်တဲ့ကောင်ပါ

ပန်းကျမှာသိလို့ ဒင်္ဂါးပြားလေး လှန်မကြည့်ခဲ့…

စိတ်လိုလက်ရနဲ့ စိတ်လွတ်လက်လွတ်ရေးမိတာပေါ့

အချို့အနုပညာတွေက ထိတွေ့ခွင့်မရပေမယ့်

အမြတ်တနိုးနဲ့ ကာကွယ်စောင့်ရှောက်ရတာမျိုး

ဥပမာ

နံရံဆေးရေးပန်းချီလိုပေါ့…

မအေးသောင်းကို ကျနော်မထိတော့ပါဘူး

ပြတိုက်ထဲက နှစ်ချို့အရုပ်လေးလိုမျိုး

ဒါမှမဟုတ်

Show Roomထဲက ပြိုင်ကားအနီလေးလိုမျိုး

တစ်ပွင့်ထဲနဲ့ တစ်တောလုံးမွှေးစေတဲ့ ပန်းလို

အဲ့ဒီအမြင့်မှာပဲ စံပါ…

ကျနော်သတိရတဲ့အခါ ရနံ့လေး လာရှူမယ်

ဒီလောက်ဆို တစ်တောလုံးအတွက် မျှတပါတယ်…

အော်…

ကလီယိုပါထရာ မိုနာလီဇာ

မမအေးဝတ်ရည်သောင်းရယ် ။ ။

_____________________________________

ဆန်းကျော်စွာဝင်း(1991-2017)

Source : ဆန်းကျော်စွာဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။