မင်္ဂလာတောင်ညွန့်မှာ လူမျိုးရေး ပဋိပက္ခလှုံ့ဆော်သူတွေကို စတင်ဖမ်းဆီး

မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူမျိုးရေးဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်သူတွေထဲ ဦးဆောင်ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ယူဆထားတဲ့ Ko Latt ဆိုတဲ့ Facebook Account သုံးစွဲသူ ကိုလတ်နဲ့ သူ့ရဲ့ဇနီး မအောင်မြင့်တို့ကို ဒီကနေ့ (မေလ ၁၁)ညနေ ၅နာရီခွဲမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ မြေပဒေသာကျွန်းနားမှာ သူတို့လင်မယားစီးနင်းလာတဲ့ကား တံခါးမဖွင့်တာကြောင့် ကားမှန်ကိုခွဲပြီး တိုင်းရဲက ဖမ်းဆီးသွားတာဖြစ်ပါတယ်။

သူတို့ လင်မယား ၂ယောက်ကို ပုဒ်မ ၅ဝ၅(ဂ)နဲ့အမှုဖွင့်ဖမ်းဆီးထားပြီး ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့က ဦးသုစိတ္တနဲ့ သံဃာတော်တစ်ပါး၊ အရပ်သား ၃ယောက်ကိုလည်း ဖမ်းဆီးဖို့လုပ်နေတယ်လို့ တိုင်းလွှတ်တော်အမတ် ဦးလှဌေးက ပြောပါတယ်။

အမျိုးသားရေးအမည်ခံပြီး တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်စီးဖို့ ကြိုးစားခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မေလ ၉ရက်နေ့ညက မင်္ဂလာတောင်ညွန့်မြို့နယ်မှာ လူမျိုးရေးဘာသာရေး ပဋိပက္ခကို ဖန်တီးခဲ့သူတွေကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေလုပ်နေပါတယ်။ ပဋိပက္ခမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး ဥပဒေချိုးဖောက်ခဲ့ကြသူတွေဟာ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး အပြန်မှာ တိုင်းရဲတပ်ဖွဲ့က စတင်ဖမ်းဆီးမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်လို့ ကမာရွတ်မီဒီယာမှာ တင်ဆက်ထားပါတယ်။

နောက်ဆက်တွဲအနေနဲ့ တစ်ချိန်တည်းမှာဘဲ မျိုးချစ်အဖွဲ့မှ သူတို့ဖွဲ့စည်းထားတဲ့ အမျိုးသားရေးညွန့်ပေါင်းအဖွဲ့အား ယာယီဖျက်သိမ်းတယ်လို့

ထုတ်ပြန်ကြေညာလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။