ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-ဇာသပြင်အဖြောင့်လမ်း သုံး မြောင့်လမ်းဆုံအနီး ဘုရားဖူးပြန်လာ သည့် မှန်လုံယာဉ်ကို လေးခွဖြင့် ပစ်ခတ်သူအား ဘားအံမြို့မရဲစခန်းက အချိန်တိုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၂ ရက် နံနက် ၁ဝ နာရီခွဲခန့်က ဘားအံ-ဇာသပြင် အဖြောင့်လမ်းအတိုင်း ယာဉ်မောင်း မြင့်ဇော် (၄ဝ)နှစ် ဇီးကုန်းကျေးရွာ ရွှေပြည်သာမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူ မောင်းနှင်လာသော Hello Travels မှန်လုံယာဉ်သည် သံလွင်တံတား သုံးမြောင့်လမ်းဆုံအနီး အရောက် ယာဉ်အား နောက်မှ အရာဝတ္ထုတစ်ခုခုဖြင့် ပစ်ခတ်ခြင်း ခံရသည်ကိုသိရ၍ ယာဉ်ကို ရပ်တန့်ပြီး ဆင်းကြည့်စဉ် ပစ်ခတ်သူ မှာ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေး သွားသည်။ မော်တော်ယာဉ်မှာ နောက်ပိတ်မှန်ကွဲကြေသွားသဖြင့် ဘားအံမြို့မရဲစခန်းသို့ တရားလို ပြုလုပ် တိုင်တန်းခဲ့ရာ ဘားအံမြို့မ ရဲစခန်းက (ပ)၇၁၉/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ၂၇၉-က/ ၁၄၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့သည်။

ဘားအံမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်ကျော်ကိုသည် နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် အောင်မျိုးကျော် ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး အခင်းဖြစ်နေရာ ဝန်းကျင်တစ်လျှောက် စုံစမ်းရာ ပြစ်မှုကျူးလွန်ထွက်ပြေးသွားသူမှာ ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ အုပ်စု ကော့လှိုက်ကျွန်းကျေးရွာနေ ခွန်အေးမြင့်ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် ခဲ့ရာ ည ၈ နာရီခွဲခန့်တွင် ပြစ်မှု ကျူးလွန်သူ ခွန်းအေးမြင့် (၂ဝ)နှစ် အား ဖမ်းဆီးရမိခဲ့သည်။ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လေးခွကိုု သက်သေများရှေ့တွင် သိမ်းဆည်းကာ ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။