ချစ်ပရိသတ်ကြီးရေ....."Cooking For You"အစီအစဉ်ကနေ ဒီတစ်ပါတ်မှာတော့ "Banana Pan Cake" ပြုလုပ်ပုံ၊ ပြုလုပ်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ ပြသပေးသွားမှာပါနော်။ စာဖိုမှူးလေးကတော့ အမြဲရယ်မောနေတတ်ပြီး နှလုံးသားနဲ့ပဲ ဟင်းပွဲတွေကို ဖန်တီးတင်ဆက်ပြသလေ့ရှိတဲ့ "MasterChef Myanmar (Season 1) Top 3" မနီလာအောင်ဝင်း ဖြစ်ပါတယ်။ ပါဝင်တဲ့ အမျိုးအမယ်ကော၊ အဆင့်ကော နည်းပြီး လုပ်ရလွယ်ကူတာမလို့ အိမ်မှာပဲဖြစ်ဖြစ်၊ ပါတီပွဲတွေမှာဖြစ်ဖြစ် ကျွေးမွေးဧည့်ခံလို့ အဆင်ပြေပါတယ်နော်။

ပထမဦးဆုံး သီးမွှေးငှက်ပျောကို ကိုယ်လိုသလောက် အခွံနွှာပြီး ပန်းကန်ပြားကြီးကြီးလေးထဲ ထည့်လိုက်ပါ။ ပြီးတဲ့အခါမှာ ခရင်းလေးနဲ့ ထိုးမွှေလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ ပန်းကန်လုံးထဲကို ဂျုံမှုန့်၊ သကြား၊ ကြက်ဥ၊ နွားနို့၊ ထောပတ်ဆီ အနည်းငယ်၊ ခြေထားသော ငှက်ပျောသီးကိုထည့်ပြီး နှံ့အောင်မွှေပါနော်။ ဒါဆိုရင် ပန်ကိတ်ဖြစ်ဖို့အတွက် ဂက်စ်အိုးပေါ်တင်ပြီး မီးပြဖို့ပဲ ကျန်ပါတော့တယ်။

ဂက်စ်အိုးပေါ်တင်မယ့် ဒယ်အိုးလေးကို ထောပတ်ဆီ အနည်းငယ်ထည့်ပြီး အဝတ်လေးနဲ့ သုတ်လိုက်ပါ။ ပြီးရင် ခုနက ပန်းကန်လုံးထဲမှာရှိတဲ့ သဗ္ဗနပေါင်းစုံကို ဒယ်အိုးလေးထဲထည့်ပြီး အချိန်အနည်းငယ်လောက် မီးပြလိုက်တဲ့အခါမှာ အရသာရှိတဲ့ ငှက်ပျောသီးပန်ကိတ်လေးကို ရရှိပါပြီနော်။ အရသာပိုမြိန်သွားအောင် ပျားရည်လေးလည်း စမ်းလို့ရပါတယ်။ စပစ်သီးလေးရယ် ပူစီနံလေးရယ် အလှဆင်လိုက်တဲ့အခါမှာ အမြင်ကော၊ အရသာကော ဘာမှပြောစရာမရှိအောင် ပြီးပြည့်စုံသွားပါပြီ။ အစားတစ်လိုင်း ဘော်ဒါတွေအတွက် ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။