မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယနေ့မနက် (၁၁း၃၀)နာရီက ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့ရှိ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌရုံးသို့ သွားရောက်၍ မြန်မာနှင့် အာဆီယံ လူငယ်ဘောလုံး လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် အာဆီယံ ဘောလုံး အဖွဲ့ချုပ် AFF ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်ပြီး AFF Football Development Committee ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသည့် အတွက် မြန်မာနိုင်ငံနှင့် အာဆီယံ ဘောလုံး လောကအတွက် လူငယ်စီမံကိန်းများ ဖွံဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးရန် ဖီဖာဥက္ကဋ္ဌနှင့် ဆွေံးနွေးခဲ့ခြင်း ဖြစ်သည်။

MFF ဥက္ကဋ္ဌသည် အာဆီယံ ဒေသတွင် ကမ္ဘာ့ဖလား ယူ(၁၇)နှင့် ကမ္ဘာ့ဖလား ယူ(၂၀) စသည့်ပြိုင်ပွဲများအား မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံ အချို့တို့ ပူးတွဲအိမ်ရှင် (Co Host)အဖြစ် ပူးတွဲကျင်းပခွင့် ကိုလည်းကောင်း၊ မြန်မာနှင့် အာဆီယံ ဒေသတွင် အမျိုးသမီး ဘောလုံး အကယ်ဒမီများ တည်ထောင်ရန် လည်းကောင်း၊ အာဆီယံ လူငယ် ဘောလုံး လောက တိုးတက်ရေး အတွက် ကူညီထောက်ပံ့မှုများ ပေးရေးအတွက်လည်းကောင်း ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုထံ တင်ပြတောင်းဆို ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် MFFက အာရှဒေသတွင် ပထမဆုံး အဖြစ်ဆောင်ရွက်နေသည့် FIFA 11 For Health Program ကိုလည်း ဆက်လက်ဆောင်ရွက်သွားရန် ဖီဖာ ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဖီဖာ ဥက္ကဋ္ဌ အင်ဖာတီနိုနှင့် အဖွဲ့သည် ဇူးရစ်မြို့ ဖီဖာရုံးချုပ်သို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော် လာရောက်စဉ် လှိုက်လှဲစွာ ကြိုဆို ဧည့်ခံခဲ့ပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကာ မြန်မာနှင့် အာဆီယံဒေသ ဘောလုံး လောကအကျိုးအတွက် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။