တစ်ကိုယ်တည်းအိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ သန္တာလှိုင်ဟာ သူမရဲ့ဘဝအတွေ့အကြုံကနေ အမျိုးသမီးတိုင်းဖတ်သင့်တဲ့အကြောင်းအရာတွေကို MODA Magazineနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

" များသောအားဖြင့်တော့ မြန်မာအမျိုးသမီးတွေဖြစ်တတ်တာက ရှိသမျှအိမ်မက်တွေ၊ ရည်မှန်းချက်တွေ၊ အလုပ်အကိုင်နဲ့ ပညာရေးတွေကို အကုန်လုံးစွန့်လွှတ်ပြီး မိသားစုဘဝထဲ မြုပ်နှံ ထားတဲ့အတွက် ကြောင့် ဘယ်လိုမှလက်တွဲလို့မရပဲ ကိုယ့်လမ်းကိုယ်လျှောက်ချင်ရင်တောင်မှ ပြန်လည်မလျှောက်နိုင်တဲ့ အခြေအနေမျိုးကိုရောက်ကြတယ်။ အများအားဖြင့်ဖြစ်တတ်တာက ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်နိုင်စွမ်းအားကို စွန့်လွှတ်လိုက်ကြတဲ့အခါ တစ်ချိန်ချိန်မှာ အိမ်ထောင်ဖက်နဲ့အဆင်မပြေဖြစ်လာတဲ့အခါ ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်တည်ဖို့ အခြေအနေတစ်ခုကိုပြန်ရအောင် ကြိုးစားရတာကြောင့် အိမ်ထောင်ဖက်ကိုသည်းခံရတတ်ပါတယ်။ တစ်ချို့အိမ်ထောင်တွေကျတော့ ကလေးရှိသွားတဲ့အခါ  Single Mother အဖြစ် ကိုယ့် ခြေထောက်အပေါ်ကိုယ်ရပ်တည်နိုင်တယ်ထားဦး။ ကလေးတွေရဲ့ ရှေ့ရေးအတွက် အိမ်ထောင်ကိုမပြိုကွဲချင်ကြတာ မြန်မာအမျိုးသမီးမှတော့ မဟုတ်ပါဘူး။ အမျိုးသမီးတိုင်းရဲ့ထုံးစံပါပဲ။ ကိုယ် ကိုယ်တိုင်လည်း ဒီလိုဘဝမျိုးကိုဖြတ်သန်းလာရတဲ့အတွက်ကြောင့် ကိုယ်ချင်းစာပါတယ်။ ဒါကြောင့်မို့လို့လည်း တစ်ဖက်တစ်လမ်းကနေ ရည်မှန်းချက်၊ အခြေအနေမတူတဲ့ အမျိုးသမီးလေးတွေကိုကူညီနိုင်ဖို့ အစ်မ သင်တန်းဖွင့်ဖို့ ကြိုးစားနေပါတယ်။ "

" Gender Equality နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ အမျိုးသမီးနဲ့ အမျိုးသားက အခွင့်အရေးရပုံချင်း မတူတာကို ငြင်းစရာမရှိပါဘူး။ အမျိုးသားနဲ့အမျိုးသမီး မြန်မာပြည်မှာ အခွင့်အရေးရပုံချင်းမတူတာ အကုန်လုံးအသိပါပဲ။ အလုပ်ခွင်ထဲမှာ အမျိုးသားနဲ့ အမျိုးသမီး အခွင့်အရေးရပုံချင်းကို ကြည့်ရင်တောင် ကိုယ့်အရှေ့မှာ အရည်အချင်းအတူတူ၊ အသက်အရွယ်ချင်းအတူတူ၊ အိမ်ထောင်မရှိတာချင်းအတူတူ အမျိုးသမီးနဲ့အမျိုးသားနှစ်ဦး အလုပ်လာလျှောက်တဲ့အခါ ဘယ်သူ့ကို ဦးစားပေးမလဲ။ လခအရရော ဘယ်သူပိုရမလဲဆိုရင်တော့ ရှင်းပါတယ်။ အမျိုးသားကပဲ ရတာကို မြင်ဖူးတွေ့ဖူးကြမှာပါ။ ဒါဘာကြောင့်လဲဆိုတဲ့ နောက်ခံအကြောင်းအရင်းလေးတွေကို အစ်မထောက်ပြချင်ပါတယ်။ တကယ်လို့ အမျိုးသမီးကိုသာ ဒီအလုပ်ခန့်ခဲ့မယ်ဆိုရင် တစ်နေ့တစ်ချိန် အမျိုးသမီးဟာ အိမ်ထောင်ကြသွားခဲ့မယ်ဆိုရင် ၉ဝရာခိုင်နှုန်းက အလုပ်ကိုထွက်ပြီး ကလေးမွေးမယ်။ အလုပ်ဆိုတာက သူမဘဝမှာ အဓိကမဟုတ်တော့ပါဘူး။ အမျိုးသားအနေနဲ့ကျတော့ အိမ်ထောင်ကျသွားခဲ့တဲ့အခါ  ဒီအလုပ်ဟာ သူ့အတွက်ပိုလိုအပ်လာပြီး တာဝန်လည်းကြီးလာပြီး ပိုကြိုးစားရတာဖြစ်တဲ့အတွက် ပိုပြီးတော့ တန်ဖိုးရှိတဲ့ဝန်ထမ်းတစ်ယောက် ဖြစ်သွားမှာပါ။ "

" Single Mother ဆိုတာက အားငယ်စရာမရှိပါဘူး။  ဂုဏ်ယူတတ်ရင် ဂုဏ်ယူလို့တောင် ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူများတွေနှစ်ယောက်ပေါင်းပြီးတော့မှ လုပ်ကြတဲ့အလုပ်ကို ကိုယ်ကတစ်ယောက်တည်းလုပ်နေတာ။ ကိုယ်နဲ့မတူညီတဲ့ လက်တွဲလို့မရတဲ့ အိမ်ထောင်ဖက်နဲ့ ပြိုင်ပြီးတော့ ကိုယ့်သားသမီးတွေအတွက် ကိုယ်လုပ်ပေးချင်တဲ့လမ်းကို ခက်ခက်ခဲခဲလျှောက်ရတဲ့အတွက် ပိုပြီးတော့ ချီးကျူးရမယ့်မိဘလို့လည်း ပြောလို့ရပါတယ်။ သူများတွေနှစ်ယောက်လုပ်ကြတဲ့အလုပ်တွေကို ကိုယ်ကတစ်ယောက်တည်းလုပ်တဲ့အချိန်မှာ ဘေးကအကူအညီတွေပေးလာမယ်ဆိုရင်လည်း ရသလောက်အကူအညီတွေယူပါ။ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ကူညီဖို့ကမ်းလှမ်းမှုတွေကို ဘယ်တော့မှမငြင်းပါနဲ့။ ဥပမာ ကလေးကို တစ်နေရာရာမှာတစ်ယောက်တည်းထားခဲ့ပြီး အလုပ်သွားရမယ့်အစား မိဘတွေ၊ ဦးလေးအဒေါ်တွေ၊ မိတ်ဆွေတွေက စောင့်ရှောက်ပေးဖို့ကမ်းလှမ်းလာခဲ့မယ်ဆိုရင် သင့်တော်ရာကို ရွေးချယ်လက်ခံလို့ရပါတယ်လို့။ "

" အစ်မ ငယ်ငယ်ကတော့ မိန်းကလေးတစ်ယောက်မှာ အလှအပနဲ့ ကိုယ်ခန္ဓာထိန်းသိမ်းမှုက အရမ်းအရေးပါတယ်လို့ ထင်ခဲ့ပါတယ်။ အလှအပနဲ့ ကိုယ်ခန္ဓာထိန်းသိမ်းမှုဆိုတာကလည်း ဆက်စပ်နေတယ်လေ။ အတွေ့အကြုံရင့်ကျက်လာလေ ပိုပြီးတော့ သတိထားမိလာတာက မိန်းကလေးတစ်ယောက်ရဲ့အလှအပက ကိုယ်ခန္ဓာအပြင်ပန်းနဲ့ ဘာမှမဆိုင်ပါဘူး။ အတွင်းပိုင်း က Confident နဲ့ အရမ်းဆိုင်ပါတယ်။ Confident ရှိသောမိန်းမတစ်ယောက်နဲ့ အပြင်ပန်းနုနယ်လှပတဲ့ကောင်မလေးတစ်ယောက်နဲ့ ယှဉ်ပြီးတော့ရပ်နေမယ်ဆိုလို့ရှိရင် Confident ရှိတဲ့မိန်းကလေးရဲ့အလှအပက ပိုပြီးပေါ်လွင်နေမှာပါ။ ပြီးတော့ ကျန်းမာလာတာနဲ့အမျှ နုပျိုခြင်းနဲ့ လှပခြင်းဆိုတာက ဒွန့်တွဲပါလာမယ့် ကောင်းကျိုးနှစ်ခုပါ။ ဒါကြောင့် အစ်မကို အလှအပနဲ့ ကိုယ်ခန္ဓာ ထိန်းသိမ်းမှုအကြောင်းမေးလာတိုင်းမှာ အစ်မအနေနဲ့က ကျန်းမာရေးအတွက်ပဲ အဓိကထားလုပ်ဆောင်နေရင်းနဲ့ နုပျိုမှုနဲ့ လှပမှုဆိုတာက အနောက်ကနေ အလိုလိုလိုက်ပါလာတဲ့ ကောင်းကျိုးနှစ်ခုပါလို့ အမြဲပြောလေ့ရှိပါတယ်။ "

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။