တရားဖြင့်သေခြင်း (အချိန်မဆွဲနဲ့)

ဒေါ်သင်းသင်းဆက် - အသက် ၄၆ နှစ်

တိုက်ခွဲ ၃၂ အချောသတ်စခန်းဝင် သဲအင်းယောဂီ (June, 2016)

အဆုတ်ကင်ဆာရောဂါကို အံတုရင်း

ဒါန သီလ ဝိပဿနာ ကုသိုလ်ထုပ်ကို

မသေခင် စနစ်တကျပြင်ဆင်၍ အရယူသွားခဲ့သူ ...

သတိပညာ တည်းဟူသော ဓမ္မလက်နက်ဖြင့်

သေမင်းကို ရင်ဆိုင်ခဲ့သူ ...

ဒေါ်သင်းသင်းဆက် သည် September 2015 တွင် အဆုတ်ကင်ဆာ stage 4 အဖြစ်သတ်မှတ် ခံစားနေရသည်ကို သိသည့်ချိန် မှစ၍ ဆရာကောင်းရှာခဲ့ရာမှ အောင်လံဆရာတော်ဘုရားကြီး ကြီးမှူးသော တိုက်ခွဲ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာမှ ကျင်းပသည့် ယောဂီသစ် တရားစခန်း March, 2016 သို့ဝင်ရောက်ခဲ့ရာ တရားစခန်းတွင်ကျင့်ကြံအားထုတ်ခဲ့သော ဘောင်ချိန်ရှုကွက်နှင့် ရုပ်ထောက်နာမ်ရှု ရှုကွက်များသည် သူမ နှင့် ကိုက်ညီမှုရသွားခဲ့သည်။ တရားစခန်း အပြီးတွင် ဆေးစစ်ချက်အရ ကင်ဆာ အကြိတ်သည်လည်းသေးသွားပြီး အဆုတ်တွင်လည်း အသားပြည့်သွားသည်ကို တွေ့ခဲ့ရသည်။ တရားအလုပ် ဖြင့် ရောဂါအခြေအနေ တိုးတက်လာသည့်စိတ်ကြောင့် နှစ်လ နားကာ ယောဂီဟောင်းအချောသတ် တရားစခန်းပွဲကို ဇွန်လတွင် ထပ်မံဝင်ရောက်အားထုတ်ခဲ့သည်။ သို့ပါသော်လည်း ရောဂါအခြေအနေမှာမူ မသက်သာခဲ့ရာ သတိပဋ္ဌာန်တရားအားထုတ်မှု နှင့် ကောင်းမှုကုသိုလ်ပြုခြင်းများကိုသာ တစိုက်မတ်မတ်ပြုလုပ်၍ သူမ၏ နေဝင်ချိန်အတွက် စနစ်တကျပြင်ဆင်ခဲ့သည်။

ဒေါ်သင်းသင်းဆက်၏ ကောင်းမှုကုသိုလ်ပြုမှုမြောက်များစွာ အနက်မှ July, 2016 တွင် ဆတ်တွင်းတောထဲ တည်ထားသော "သစ္စာမဏ္ဍိုင်" ဘုရားကို ထီးတင်ခဲ့ပြီး " သံသရာဝဋ္ဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ကြလိုသည်ဟု ဆန္ဒပြုကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့သည်၊ ဤအရပ်ကို မဏ္ဍိုင်ပြုလျက် ဒုက္ခခပ်သိမ်းမှ လွတ်မြောက်ကြောင်း ဖြစ်သော မြတ်စွာဘုရား၏ သစ္စာ (၄) ပါး တရားတော်ကို ကျင့်ကြံအားထုတ်ပြီးလျှင် သစ္စာ (၄) ပါးတရားကို ထိုးထွင်းသိမြင်နိုင်၍ သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက် နိုင်ကြပါစေ" ဟု ကျောက်စာရေထွင်းထားသည်။

ယောဂီ ဒေါ်သင်းသင်းဆက် သည် ဒီရုပ်ခန္ဓာကို အသုံးချရုံသက်သက် နှင့် ရှုမှတ်ဖို့အတွက်ပဲ သစ္စာပြုခဲ့ပြီး သူမ၏ ဘဝကို မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ထိုးထွင်း သိမြင်နိုင်သည့် ဉာဏ် ရ ရပါစေလို့ ဆုတောင်းခဲ့သည်။

သူမဘဝ၏ လက်ကျန်အချိန်ကို

၁) ရုပ်ခန္ဓာကို သာသနာအတွက်လှူဒါန်းပါသည်။

၂) လှူရုံမက သာသနာပြု ပုဂ္ဂိုလ် အဖြစ် ရပ်တည်ပါမည်ဟု

သစ္စာပြု ခဲ့သည်။

တိုက်ခွဲ ၃၂ သဲအင်းဂူ ယောဂီ ဒေါ်သင်းသင်းဆက် သည် လောကဇာတ်ခုံတွင် သမီးခန်း အမေခန်းတို့ကို သရုပ်ဆောင်ခဲ့ပြီး May 19, 2017 ထိ ဝဋ္ဋ်ကြွေးများကို ဆပ်ကာ ဘဝတပါးသို့ကူးပြောင်းသွားခဲ့ချိန်တွင် ခင်ပွန်း ဖြစ်သူနှင့် သားသမီးငယ် နှစ်ယောက် ကျန်ရစ်ခဲ့သည်။

ဒေါ်သင်းသင်းဆက် ကဲ့သို့ ရုပ်ခန္ဓာမစွန့်မီ ကြိုတင်ပြင်ဆင်မှုများဖြင့် ကောင်းမှုကုသိုလ်ပေါင်းများစွာကိုပြုလုပ်၍ မလွဲမသေရင်ဆိုင်ကြရတော့မည့် ကြောက်စရာအကောင်းဆုံးသောရန်သူဖြစ်သော "သေမင်း"ကို အပြုံးနဲ့ ရင်ဆိုင်နိုင်ကြပါစေ။

တတိယအရွယ်မှတရားအားထုတ်ရန် ရည်ရွယ်ထားသောသူများအနေဖြင့် ဒုတိယအရွယ်တွင် အိုချိန်တောင်မရှိခဲ့ဘဲ ခန္ဓာစွန့်ကာ ဘဝတပါးပြောင်းသွားရရှာသော ဒေါ်သင်းသင်းဆက်အား စံနမူနာယူ၍ သံဝေဂရတတ်နိုင်ကြပါစေ။

စာရေးသူ၏ ရေးသားသော post ကို ဖတ်ရသော ယောဂီ သူတော်ကောင်းများ အနေဖြင့် အောင်လံ ဆရာတော် ဘုရားကြီးဟောကြားခဲ့သည့် မပိုင်တဲ့ဘဝ မခိုင်တဲ့ တခဏ ကိုယ်ဖြစ်ချင် သလို မဖြစ်နိုင်တဲ့ သံသရာခရီးသည်တွေ ပါလားလို့ နောက်ထပ် ဘဝ ဇာတ်လမ်းထဲ မဝင်မိအောင် ဤယောဂီကို စံနမူနာယူလျက် ရက် လ နှစ် တို့ကို အချိန်မဆွဲဘဲ မိမိကို အသေတတ်၍ အနေမြတ်အောင် သင်ကြားပေးနိုင်သော ဆရာကောင်းများထံတွင် တရားထူးတရားမြတ်များရသည်အထိ ကြိုးစားအားထုတ်ကြပါရန် နှိူးဆော် အသိပေးလိုက်ပါသည်။

ဤpost၌ တင်ထားသော ပုံများသည် ကွယ်လွန်သူ ဒေါ်သင်းသင်းဆက် နှင့် သူမ၏ ခင်ပွန်း ၏ Facebook post မှ public share ထားခြင်းကို မျှဝေ၍ ဝေနေယျ သတ္တဝါများ မသေခင် သံဝေဂရစေရန်၊ နောင်တရစေရန် နှင့် အသေတတ်စေရန် ရည်ရွယ်၍ ဖော်ပြပေးခြင်းသာဖြစ်သည်။

ဓာတ်ပုံ ပိုင်ရှင်များအားလုံးကို credit ပေးပါသည်။

Credit - Thu THu 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။