ကူဝိတ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ ခိုတစ်ကောင် ဖမ်းမိ

ဖမ်းဆီးရမိခဲ့တဲ့ ခိုရဲ့ကျောပေါ်မှာ မူးယစ်ဆေးပြား ၁၇၈ ပြားပါဝင်တဲ့ အဝတ်အိတ်ငယ်တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။

ကူဝိတ်နိုင်ငံမှာ အကောက်ခွန်အရာရှိတွေက မူးယစ်ဆေးဝါးများပါဝင်တဲ့ ကျောပိုအိတ်ငယ်လေးတစ်ခုကို သယ်ဆောင်ပျံသန်းလာတဲ့ ခိုတစ်ကောင်အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ကူဝိတ်သတင်းစာ al-Rai က ဖော်ပြပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ခိုရဲ့ကျောပေါ်မှာ မူးယစ်ဆေးပြား ၁၇၈ ပြားပါဝင်တဲ့ အဝတ်အိတ်ငယ်တစ်ခုကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်ပျံသန်းလာတဲ့ ခိုကို အီရတ်နဲ့နယ်စပ် အဗ္ဗဒဲလ်လီဒေသရှိ အကောက်ခွန်ဌာနရုံးအနီး ဖမ်းဆီးရမိခဲ့ပါတယ်။

al-Rai သတင်းထောက်ရဲ့ ပြောကြားမှုအရ ခိုနဲ့အတူ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ketamine အမျိုးအစားတစ်မျိုးဖြစ်ပြီး တရားမဝင်ကျင်းပတဲ့ ပါတီပွဲတွေမှာ သုံးလေ့ရှိတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ ကူဝိတ် အကောက်ခွန်အရာရှိတွေက ခိုများသုံးပြီး မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်နေကြောင်း ယခင်ကတည်းက သိထားခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့သော် မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ ခိုတစ်ကောင်ကို ဖမ်းဆီးရမိမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရပါတယ်။

ယခင်ကလည်း အလေးချိန် ပေါ့ပါးပြီး တန်ဖိုးကြီးတဲ့ မူးယစ်ဆေးဝါးတွေကို ခိုများအသုံးပြုပြီး သယ်ဆောင်လေ့ရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းမှာ ကော်စတာရီကာနိုင်ငံမှ အကျဉ်းထောင်အစောင့်တွေက ကိုကင်းနဲ့ ဆေးခြောက်များပါဝင်တဲ့ ဇစ်ဆွဲအိတ်ငယ်ကို သယ်ဆောင်လာတဲ့ ခိုတစ်ကောင်အား ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

၂၀၁၁ ခုနှစ်ကလည်း ကိုလံဘီယာရဲတပ်ဖွဲ့က ကိုကင်းနဲ့ ဆေးခြာက်များပါဝင်တဲ့ အထုပ်တစ်ထုပ်နဲ့အတူ မပျံသန်းနိုင်တဲ့ ခိုတစ်ကောင်ကို တွေ့ရှိခဲ့ရပါတယ်။ ခိုတွေကို ရောမခေတ်ကတည်းက စာပို့ရာမှာ အသုံးပြုခဲ့ကြပြီး ၎င်းတို့ဟာ မိုင် ၆၀ ကျော် ကွာဝေးတဲ့နေရာကနေ နေထိုင်ရာအသိုက်အမြုံကို အရောက်ပြန်လာနိုင်ကြောင်း သိရပါတယ်။

Source & Photo: BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။