အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက မောင်တောတွင် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အား ချောင်းမြောင်းပစ်ခတ်၊ ၀ါးပိတ် ကျေးရွာအား မီးရှို့ဖျက်ဆီး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာ အနီးရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှှ အိမ်ထောင်သည်လိုင်းခန်းအား ယနေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၅ ဦးခန့်က ဌာနချုပ်၏ အရှေ့တောင်ဘက် တောင်ကုန်းမှ လက်နက်ငယ်များဖြင့် လာရောက် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုသို့ လာရောက်ပစ်ခတ် တိုက်ခိုက်သည့်နေရာအား တပ်မတော်စစ်ကြောင်းမှ လိုက်လံရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများသည် ၀ါးပိတ်ကျေးရွာမှ တစ်ဆင့် အရှေ့တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားသည်။

ဆက်လက်၍ ၀ါးပိတ်ကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းစဉ် ရွာအနီး ပုန်းခိုနေသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ က ကျေးရွာအား မီးရှို့ထွက်ပြေးသွားသဖြင့် တပ်မတော် စစ်ကြောင်းက မီးလောင်မှုအား ၀ိုင်းဝန်း ကူညီငြိမ်းသတ်ပေးခဲ့သည်။

ကျေးရွာအတွင်း မီးလောင်မှုကြောင့် အိမ်ခြေ ၂၅ လုံးခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပြီး အဆိုပါ နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။