လူတိုင်းအတွက် လုပ်ငန်းခွင်ဆိုတာ ဒုတိယအိမ်ပါပဲ။ နေ့စဉ်ဘဝရဲ့ တစ်ဝက်ကျော်ကျော်က အလုပ်ထဲမှာပဲ မြုပ်နှံထားကြမှာပါ။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာ ဘယ်လိုပျော်အောင်နေနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်။

Daily Report ရေးဖို့ မမေ့ပါနဲ့

သင်တို့ရဲ့ ရုံးက Daily Report ရေးဖို့မလိုအပ်ဘူးဆိုရင်တောင်မှ သင့်အတွက်ကတော့ လိုအပ်ပါတယ်။ ရုံးက လိုအပ်ချက်မဟုတ်ဘူးဆိုရင်တောင်မှ သင့်ရဲ့ ကိုယ်ပိုင် Daily Report ကို သင်ကိုယ်တိုင် Note ရေးထားဖို့ မမေ့ပါနဲ့။ ဒီနေ့ ဘာတွေလုပ်ခဲ့တယ်။ မနက်ဖြန် ဘာတွေလုပ်ရမယ်။ ဘာတွေ မေ့လို့မရဘူး။ ဘယ်မှာ Meeting တွေသွားရမယ် စသည်ဖြင့် အကျဉ်းချုပ်ရေးမှတ်ထားပါ။ ဟိုဟာမေ့လိုက် ဒီဟာကျန်ခဲ့လိုက်နဲ့ အလုပ်သွားနေရသရွေ့တော့ သင် ဘယ်လိုမှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

ပတ်ဝန်းကျင်ကို သန့်ရှင်းသပ်ရပ်မှု ရှိပါစေ

သင့်တို့ရဲ့ အလုပ်စားပွဲ၊ ထိုင်ခုံ စတာတွေကို အမြဲတစေ သန့်ရှင်းသပ်ရပ်နေအောင် ထားပေးပါ။ မိုးလင်းလို့ ရုံးရောက်တာနဲ့ ရှုပ်ပွနေတဲ့ စာရွက်စာတမ်းတွေ၊ တစ်ရှုးတွေ၊ ဖရိုဖရဲဖြစ်နေတဲ့ စာအုပ်တွေ၊ မဆေးရသေးတဲ့ ကော်ဖီခွက်တွေက ဆီးကြိုနေမယ်ဆိုရင်တော့ ဒီနေ့တစ်နေကုန်အတွက် သင်အလုပ်လုပ်ရတာ ဘယ်လိုမှ စိတ်ကြည်လင်လန်းဆန်းနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါတွေကြောင့် သင့်ကို အလုပ်လုပ်ချင်စိတ်လုံးဝမရှိတော့လောက်အောင်ကို စိတ်ဓာတ်အကြီးအကျယ်ကျသွားနိုင်ပါတယ်။

အနာဂတ်မျှော်လင့်ချက်ထားပါ

တစ်နေ့လည်း ဒီအလုပ် နောက်တစ်ရက်လည်း ဒီအလုပ်ကိုပဲ ဆက်တိုက်လုပ်နေတာရဲ့ အနာဂတ်မျှော်လင့်ချက်က ဘာများဖြစ်လိမ့်မလဲ။ အနာဂတ်မှာဘာမှဖြစ်ချင်စိတ်မရှိဘူး၊ ရာထူးတိုးဖို့ လစာတိုးဖို့ မမျှော်လင့်ပဲ တစ်စုံတစ်ခုသော တွန်းအားကြောင့်သာ အလုပ်တစ်ခုမှာ ခိုကပ်လုပ်နေတာဆိုရင်တော့ ဒီအလုပ်မှာ သင်လုံးဝပျော်မွေ့နေတာ မဟုတ်ဘူးလို့ ပြောပါရစေ။ ပိုမိုပျော်ရွှင်ချင်ရင် အနာဂတ်မျှော်လင့်ချက်ရှိရပါတယ်။ ဒါမှလည်း အလုပ်တွေ ကြိုးစားချင်စိတ်ရှိမှာ မဟုတ်ဘူးလား။

မကြောက်ပါနဲ့

အလုပ်လုပ်ရမှာကို မကြောက်ပါနဲ့။ အထက်လူကြီးကို မကြောက်ပါနဲ့။ ဒီလိုမှ မဟုတ်ပဲ တစ်ခုခုကိုကြောက်ရွ့ံနေပြီး ရုံးသွားနေရမယ်ဆိုရင်တော့ သင့်အတွက် မနက်ပိုင်းရုံးသွားချိန်ဟာ လေးလံထိုင်းမှိုင်းနေမှာ အမှန်ပါပဲ။ အိမ်ကပဲဖြစ်ဖြစ်၊ ချစ်သူကပဲဖြစ်ဖြစ် အတင်းအကျပ် အလုပ်လုပ်ခိုင်းလို့ အလုပ်လုပ်နေရတယ်ဆိုရင်လည်း သင်ဟာ စိုးရိမ်ပူပန်မှုအပြည့်နဲ့ အလုပ်လုပ်ကိုင်နေရတာကြောင့် ဘယ်လိုမှ ပျော်ရွှင်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒီလိုမျိုးတွေကို ဂရုစိုက်ရှောင်ကြဉ်မယ်ဆိုရင်တော့ သင့်ရဲ့လုပ်ငန်းခွင်ဟာ သာယာကြည်နူးမှုတွေနဲ့ အပြည့်ဖြစ်နေမှာပါ။ အလုပ်တွေလည်းပြီးတဲ့အပြင် နေ့စဉ်အလုပ်ရောက်နေမှာဖြစ်တဲ့အတွက်ကြောင့် လစာတွေလည်း အနုတ်မခံရတော့ဘူးနော်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။