မောင်တောတွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများအပေါ် အစိုးရ၏ ကိုင်တွယ်မှုကို အားမလိုအားမရဖြစ်နေတဲ့ ပြည်သူလူထုအတွက် နိုင်ငံတော်သမ္မတရုံးက အချက်အလက်များနှင့် တကွ သေချာထုတ်ပြန်လိုက်သည့်အတွက် ဒီထုတ်ပြန်ချက်လေးကို နိုင်ငံသားတိုင်း ဖတ်စေချင်ပါသည်။

'ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)

(၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်)

(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)

မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရနယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦး၏အလောင်းများ ရရှိခဲ့ပြီး ၂ ဦးအား အရှင် ဖမ်းမိခဲ့ပါသည်။ ၄င်းတို့ထံမှ လုပ်သေနတ်ပစ္စတို ၁ လက်၊ ၄င်းကျည် ၂ တောင့်နှင့် ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပါသည်။

၂။ ယူဆောင်သွားသော လက်နက်ခဲယမ်းများနှင့် အကြမ်းဖက်သမားများသည် မောင်တောခရိုင် အတွင်း လှည့်လည်သွားလာ၍ အကြမ်းဖက်မှုများဆက်လက်လုပ်ဆောင်လာခဲ့ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများက အကြမ်းဖက် သမားများ ခိုအောင်းနေထိုင်ရာဒေသများတွင် နယ်မြေရှင်းလင်းမှုဆိုင်ရာ စစ်ဆင်ရေးများဆင်နွဲခဲ့ရာ အကြမ်းဖက် သမားများနှင့် မကြာခဏထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ တပ်မတော်သား ၅ ဦး အသက်ပေးလှူခဲ့ရပါသည်။

၃။ ဖမ်းဆီးရမိသော အကြမ်းဖက်သမား ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည် လွှဲပြောင်း ပေးခဲ့သည့် အကြမ်းဖက်သမား ၂ ဦးတို့ကို ပဏာမစစ်ဆေးဖော်ထုတ်ချက်အရ မောင်တောမြို့နယ် အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများသည် ပြည်ပမှ ငွေကြေးထောက်ပံ့မှု၊ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းဝင်များ၏ ပံ့ပိုးမှုကူညီမှုတို့ဖြင့် အချိန်ယူကာ စနစ်တကျ ကြိုတင် ဆောင်ရွက် ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ကြောင်း တွေ့ရှိရပါသည်။

၄။ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ၄င်းဒေသတွင် အများစု ရောက်ရှိ နေထိုင် လျက်ရှိသော အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက်အကြမ်းဖက်ဝါဒ တိုးမြင့်လာစေ ရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် ရရှိခဲ့ပါသည်။ မောင်တော ဒေသကို ခြေကုတ်ယူ၍ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်း အားထုတ်ခဲ့ခြင်း ဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ခြင်းဖြစ်ပါသည်။ ငွေကြေးများ ထောက်ပံ့မှုပြုရာတွင် အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခြင်း မပြုဘဲ လူပုဂ္ဂိုလ်တစ်ဦးချင်းဆက်သွယ်မှုဖြင့် လျှို့ဝှက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့ပါသည်။

၅။ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ် သော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။ ၎င်းအဖွဲ့ကို ဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် တစ်ဦးဖြစ်သည့် ဟာဗစ်တူဟာရ် ဖြစ်ကြောင်း၊ အသက် ၄၅ နှစ်ခန့်ရှိသည့် ဟာဗစ်တူဟာရ်သည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များထံ ၆ လ သင်တန်းတက်ရောက်ခဲ့သူဖြစ်ပြီး ၄င်း၏အစ်မ ၄ ဦးနှင့် အစ်ကို ၁ ဦးတို့မှာ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း၊ ဟာဗစ်တူဟာရ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက် နေထိုင်လေ့ရှိပြီး ဒုက္ခသည်အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေး ထောက်ပံ့မှုများ ရယူလျက်ရှိကြောင်း၊ ၄င်းနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသူများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနေ ငါးခူရကျေးရွာတွင် ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံသား ခါလစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတာပါလောင် ဒုက္ခသည် စခန်းတွင်နေထိုင်သော အီဗရာဟိန်း၊ အဇာ၊ အာရပ်တူလာ၊ နီလာဒုက္ခသည် စခန်းတွင် နေထိုင်သော ဇူဘိုင်၊ အစ္စလာမ်ဆိုသူအပါအဝင်(၁၂)ဦးဖြစ်ကြောင်း၊ ခါလစ်သည် ပါကစ္စတန် နိုင်ငံတွင် အကြမ်းဖက် သင်တန်းတက်ရောက်ထားသူ တစ်ဦးဖြစ်ပြီး မြန်မာ၊ ဘင်္ဂလီ၊ ရခိုင်၊ မလေး၊ ပါကစ္စတန်နှင့် အင်္ဂလိပ်ဘာသာစကားများ ကျွမ်းကျင်စွာပြောဆိုနိုင်ကြောင်း၊ ၎င်းတို့သည် လွန်ခဲ့သော (၅) လခန့်မှစ၍ ဟာဗစ်တူဟာရ်၏ အစီအစဉ်ဖြင့် မောင်တောဒေသသို့ ဝင်ရောက်လာပြီး ဟာဗစ် တူဟာရ် စည်းရုံး ထားသော ဒေသနေအစွန်းရောက်လူငယ်များကို အကြမ်းဖက် သင်တန်းများ ပေးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိပါသည်။

၆။ ငါးခူရအလယ်ရွာတွင် အဓိက စည်းရုံးလှုပ်ရှားခဲ့သူများဖြစ်သော ငါးခူရကျေးရွာနေအဒူရာမန်၊ မူနက်၊ ကာဖိုက်တူလာ၊ အာကစ်တို့(၄) ဦး သည်လည်း RSO စစ်သင်တန်းတက်ရောက်ပြီးသူများဖြစ် ကြောင်း၊ ဟာဗစ်တူဟာရ်၊ ခါလစ်နှင့်ကျီးကန်းပြင်စခန်းအား တိုက်ခိုက်ရာတွင် ဦးဆောင်သူ မောင်နှမ ကျေးရွာနေ မာဘူယာတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် အဖွဲ့ဝင် ၁၂ ဦးနှင့်ပေါင်း၍ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာ၊ အလယ် သံကျော်ကျေးရွာနှင့် ငန်းချောင်းကျေးရွာတို့တွင် ဓါးပြတိုက်ခဲ့ဘူးကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။

၇။ ဟာဗစ်တူဟာရ်နှင့် အဖွဲ့သည် မောင်တောဒေသအတွင်းရှိ အစွန်းရောက်လူငယ်များကို စည်းရုံး သိမ်းသွင်း ကာ တောတွင်းနှင့် တောင်ပေါ်လူသူအရောက်အပေါက်နည်းသည့် နေရာများတွင် လည်းကောင်း၊ ငါးခူရအလယ်ကျေးရွာရှိ အဒူရာမန်၏ နေအိမ်ခြံဝင်းအတွင်းတွင် လည်းကောင်း၊ ကျောက်ပြင် ဆိပ်ကျေးရွာအနီး တောတွင်းတွင်လည်းကောင်း သေနတ်ပစ်သင်တန်းနှင့် ကိုယ်ခံပညာ သင်တန်းများကို တိတ်တဆိတ်သင်ကြားပေးခဲ့ကြောင်း၊ ၄င်းနောက် အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိခဲ့ပါသည်။

၈။ ဟာဗစ်တူဟာရ်သည် အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်)ကို မာဘူယာ ဦးဆောင်၍ အကြမ်းဖက်သမားအင်အား ၁ဝဝ ဦးခန့်ဖြင့်လည်းကောင်း၊ ငါးခူရနယ်မြေစခန်းကို ခါလစ်နှင့် အဒူရာမန် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၁ဝဝ ဦးခန့်ဖြင့်လည်းကောင်း၊ ကြိမ်ချောင်း နယ်မြေစခန်းကို ဝါကဒ်စ် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့် လည်းကောင်း၊ ကျောက်လှေကားနယ်မြေစခန်းကို အာဇာ ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့်လည်းကောင်း၊ ရွက်ညိုတောင်နယ်မြေစခန်းကို ရော်ပိုင် ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၅ဝ ဦးခန့်ဖြင့်လည်းကောင်း၊ ကိုးတန်ကောက်ရဲကင်းစခန်းကို အဘူကူးမား ဦးဆောင်၍ အကြမ်းဖက် သမားအင်အား ၁၂ ဦးခန့်ဖြင့်လည်းကောင်း၊ အကြမ်းဖက်သမား အင်အား ၄ဝဝ နီးပါးဖြင့် နေရာ ၆ နေရာကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ခဲ့သော်လည်း ကျီးကန်းပြင် ဌာနချုပ်၊ ငါးခူရနယ်မြေစခန်းနှင့် ကိုးတန်ကောက်ရဲကင်းစခန်း စုစုပေါင်း(၃)နေရာ ကိုသာ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်းများကို တိုက်ခိုက် ပြီးနောက် ရဲတပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး လက်နက်များနှင့် ပစ္စည်းများရယူရန်၊ ရရှိသည့် လက်နက်များဖြင့် အနီးပတ်ဝန်းကျင်ရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့စခန်းများအား ဆက်လက်တိုက်ခိုက်ရန် ဟာဗစ်တူဟာရ် က ညွန်ကြားထားကြောင်း၊ ဝင်ရောက်တိုက်ခိုက်မှုမပြုလုပ်မီ အဖွဲ့ခေါင်းဆောင်များမှ အကြမ်းဖက်အဖွဲ့ဝင် များကို တိုက်ခိုက်မည့် အစီအမံအား စနစ်တကျရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။

၉။ Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့သည် ကမ္ဘာအနှံ့ရှိ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ဆောင်ရွက်လေ့ရှိသည့် နည်းဗျူဟာများအတိုင်း ပြည်ပငွေကြေး ထောက်ပံ့မှု (အရှေ့အလယ်ပိုင်းရှိမောင်တောဒေသအနွယ်)၊ အကြမ်းဖက် တိုက်ခိုက်မှု စစ်သင်တန်း (ပါကစ္စတန်-တာလီဘန်၊ ဘင်္ဂလားဒေ့ရှ်-RSO) စသည်တို့ဖြင့်စတင်၍ ပဋိပက္ခဖြစ်ပွားခဲ့သော မောင်တောဒေသ အတွင်းရှိ အစွန်းရောက်လူငယ်များကို ဘာသာရေးအရ စည်းရုံးဆောင်ရွက်သောနည်းဗျူဟာကို ကျင့်သုံးဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ရယူပြီးနောက် ပြည်ပထောက်ခံမှု၊ ငွေကြေးပံ့ပိုးမှုများ မြင့်တက် လာစေရန်၊ ပြည်တွင်း၊ ပြည်ပမှဘာသာရေးအစွန်းရောက်များ ပူးပေါင်းပါဝင်လာစေရန်အတွက် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ISIS စသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ နည်းနာအတိုင်း အင်တာနက်နှင့် လူမှု ကွန်ရက်များတွင် ဗီဒီယိုဖိုင်များလွှင့်တင်ကာ ဝါဒဖြန့်ချိလျက်ရှိကြောင်း စစ်ဆေး ဖော်ထုတ်ရရှိခဲ့ပါသည်။

၁၀။ လက်ရှိအချိန်တွင် ဟာဗစ်တူဟာရ် ဦးဆောင်သော အကြမ်းဖက်အဖွဲ့ငယ်သည် အစွန်းရောက် အကြမ်းဖက်သမား ၄ဝဝ နီးပါးခန့်ဖြင့် မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးတာဝန်၊ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးတာဝန်များကို အင်အား အပြည့်အဝဖြင့် ဆောင်ရွက်လျက်ရှိရာ မကြာခဏဆိုသလို ထိတွေ့မှုများဖြစ်ပွားလျက် ရှိပါသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်း၊ ပြည်ပရှိ အကြမ်းဖက်အဆက်အသွယ်များ၊ အကြမ်းဖက် အားပေးသူ များကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး ထပ်မံရရှိသည့် သတင်းအချက်အလက်များကို ပြည်သူအများ သိရှိစေရန် ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

၁၁။ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ပြည်ပရှိ အကြမ်းဖက်အဖွဲ့စည်းများ၊ အကြမ်းဖက်အားပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများရယူကာ အချိန်ယူပြင်ဆင်ပြီး စနစ်တကျ စီစဉ် ဆောင်ရွက်ခဲ့သောအကြမ်းဖက်မှုဖြစ်ပါသည်။ ထိုအကြမ်းဖက်တိုက်ခိုက်မှုများသည် နိုင်ငံတော်၏ အမျိုးသား လုံခြုံရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် လုံခြုံရေးတို့ကို ထိခိုက်ဖျက်ဆီးရန် ကြိုးပမ်းဆောင်ရွက်လာခြင်း ဖြစ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးပမ်းဆောင်ရွက်မှုများ စသည်တို့ အားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့် အခြားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ ထိထိ ရောက်ရောက် ကာကွယ်၊ တုံ့ပြန်ချေမှုန်း တိုက်ဖျက်သွားမည်ဖြစ်ပါသည်။ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုသာမက မည်သို့သော အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်း အားထုတ်ခြင်းမှန်သမျှကို ထိထိရောက်ရောက် တုံ့ပြန်ချေမှုန်း သွားမည် ဖြစ်ပါသည်။ အကြမ်းဖက် သမားများ၏ နောက်ကွယ်မှကြိုးကိုင်စီစဉ်သူများ၊ တိတ်တဆိတ် ပံ့ပိုးကူညီသူများ၊ အကြမ်းဖက် အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအားလုံးကိုလည်း ဆက်လက် စုံစမ်း ဖော်ထုတ်၍ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ၄င်းအပြင် ဖြစ်ပွားနေသော အကြမ်းဖက် တိုက်ခိုက်မှုများကို အခွင့်ကောင်းယူ၍ ပြည်သူများအကြား ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခနှင့် မတည်မငြိမ်မှုများ ဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်သူများ၊ သွေးထိုး လှုံ့ဆော်ရန် ကြိုးပမ်းသူများ ကိုလည်း ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည် ဖြစ်ပါသည်။

၁၂။ သို့ပါ၍ နိုင်ငံသူနိုင်ငံသားများအနေဖြင့် လက်ရှိနိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် အခြေအနေများကို သိရှိနားလည်ပြီး အကြမ်းဖက်အန္တရာယ်ကို သတိဖြင့် ဂရုပြုကြရန်၊ မိမိတို့ လူ့အဖွဲ့အစည်း အတွင်း ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းမပြုကြရန်၊ အခြား ဒေသများသို့ ပဋိပက္ခများ ကူးစက်ဖြစ်ပွားခြင်း မရှိစေရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်များ အနေဖြင့်လည်း ပဋိပက္ခများ မဖြစ်ပေါ်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းထိန်းသိမ်းကူညီကြရန်၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်း ထုတ်ပြန် အပ်ပါသည်။' ဟူ၍ Myanmar President Office ဖေ့ဘွတ်စာမျက်နှာတွင် တရားဝင်ထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံ့ခေါင်းဆောင် တို့ ၏ ပြသနာတစ်ခုကို ကိုင်တွယ်မှုမှာ စည်းစနစ်အလွန်ကျပြီး ထင်ရာမြင်ရာ စမ်းပြောခြင်းမဟုတ်ဘဲ နာမည်နှင့်တကွ အချက်အလပ်များကိုသေချာစွာ ဖော်ပြကာ ပြည်သူလူထုကို နှစ်သိမ့်လိုက်ခြင်းဖြင့် သေချာစွာဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

ထို့အပြင်နိုင်ငံသားပြည်သူများ အနေဖြင့်လည်း မိမိတို့ဘက်မှ ဒေါသထွက်စရာများဖြစ်သော်လည်း အထက်ပါအချက်မှာဖော်ပြထားတဲ့အတိုင်း လူမှုကွန်ရက်တွေကိုပါအသုံးချကာ ပြသနာကြီးအောင်ပြုလုပ်နေသည်ကို သတိထားကာ အယုံမလွယ်စေဖို့မှာကြားချင်ပါတယ်။ ကိုယ့်ဘက်က မှန်တာကို ကိုယ်သိတာပဲလေနော်။ ကိုယ့်ဘက်က အမှန်ကို အမှားမဖြစ်ပါစေနှင့်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။