Y Zet ရှိုးပွဲက လူသတ်တရားခံ လေးဦးကို ဖမ်းဆီးရမိ

ဇွန်လ ၁ဝရက်နေ့က ကျင်းပခဲ့တဲ့ အဆိုတော် Y Zet ရဲ့ ရှိုးပွဲမှာ လူငယ်အချင်းချင်း ရန်ဖြစ်ရာကနေ လူတစ်ဦး သေဆုံးတဲ့ အထိဖြစ်ခဲ့ရပါတယ်။ ဒီလိုလူသတ်မှု ဘယ်လို ဖြစ်ပွားခဲ့လည်းဆိုတော့

မန္တလေးမြို့ မင်္ဂလာမန္တလေး စျေးဝယ်စင်တာထဲမှာကျင်းပခဲ့တဲ့ တေးစီးရီး မိတ်ဆက်ဖျော်ဖြေပွဲမှာ လူငယ်အုပ်စုနှစ်စုရန်ဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ လူသတ်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူလူငယ်လေးဦးကို ဖမ်းဆီးထားတယ်လို့ အဆိုပါမြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဇွန်လ ၁၀ ရက်နေ့ ညပိုင်းက မင်္ဂလာမန္တလေးစျေးဝယ်စင်တာရဲ့ ပရိုမိုးရှင်း ဧရိယာမှာ တေးသံရှင် Y­Zet ရဲ့ တေးစီးရီး မိတ်ဆက်ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုသူတွေ ကခုန်ရာတာကနေ ထိုးကြိတ်မှုတွေဖြစ်ပွားပြီး လူသတ်မှု အထိဖြစ်ခဲ့ရတာလို့ မန္တလေးမြို့ အမှတ်(၁၁) နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ညီညီလင်းမောင်နဲ့ သူငယ်ချင်းသုံးဦးက ရှိုးပွဲအတွင်းမှာ ကခုန်ခဲ့ပြီး လူငယ်တစ်ဦးကို တံတောင်ဖြင့်တွက်မိခဲ့ကာ အဆိုပါလူငယ်ရဲ့ သူငယ်ချင်းတွေနဲ့ ညီညီလင်းမောင်တို့ သူငယ်ချင်းလေးဦး အပြန်အလှန်ထိုးကြိတ်ခဲ့ကြကာ မင်္ဂလာမန္တလေး Block 2 နဲ့ Block 3 ကြားက Star Light လမ်းသွယ်မှာ ညီညီလင်းမောင်တို့အဖွဲ့ စကားပြောဆိုနေတုန်းမှာ လူငယ်အများအပြား ရောက်ရှိလာပြီး သံတုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တာလို့ အဆိုပါအရာရှိတစ်ဦးက ပြောပါတယ်။

ဒီလို ရိုက်နှက်မှုကြောင့် ညီညီလင်းမောင်ရဲ့ သူငယ်ချင်းသုံးဦး ထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ ညီညီလင်းမောင်ကတော့ ဦးခေါင်းကိုသံတုတ်နဲ့ အရိုက်ခံရပြီး လဲကျသွားခဲ့လို့ မထွက်ပြေးနိုင်ဘဲ ထပ်မံရိုက်နှက်ခံခဲ့ရကာ လုံခြုံရေးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့သူတွေကို ဖမ်းဆီးပြီး ညီညီလင်းမောင်ကို ဆေးရုံပို့နေတုန်းမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

လူသေတဲ့ အထိသံတုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်တယ်လို့ တိုင်ကြားခံရသူတွေက အသက်၂၀ အရွယ်ရှိ အောင်ကိုကို၊ ၁၉ နှစ်အရွယ်ရှိ ဇေယျာထွန်း၊ ၁၈ နှစ်အရွယ်ရှိ လင်းထက်ရှိန်နဲ့ ၁၇ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးတို့ဖြစ်ပြီး သူတို့ကို ချမ်းမြသာစည်မြို့နယ် အမှတ်၁၁ နယ်မြေရဲစခန်းက (ပ) ၃၀၈/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၀၂/၁၁၄ တို့နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : The Voice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။