တစ်ခါတစ်လေ ကျွန်တော်တို့ စားဝတ်နေရေးအတွက် လုပ်ကိုင်ပြီး လှုပ်ရှားရုန်းကန်ရတာပင်ပန်းလာတဲ့အတွက် ငြီးတွားမိကြပါတယ်။ ဒီလို လောကဓံကို အရှုံးပေးဖို့ စိတ်ဓာတ်ကျနေတဲ့အခါတိုင်း မိမိထက် မြင့်မားသူတွေကိုပဲ မကြည့်ပါနဲ့။ လောကကြီးမှာ မိမိထက် ချို့ယွင်းချက်တစ်စုံတစ်ရာရှိတဲ့သူတွေလည်းအများကြီးပါ။ ကိုယ်လိုချင်တဲ့ဖိနပ်လေးမရလို့ စိတ်ညစ်နေချိန်မှာ ဖိနပ်စီးဖို့ခြေထောက်လေးတောင် မရှိတဲ့သူတွေအတွက်လည်း ငဲ့ညာကိုယ်ချင်းစာကြည့်လိုက်ပါ။ ကျွန်တော်တို့ ကြုံနေတဲ့ အခက်အခဲဆိုတာ သူတို့နဲ့ယှဉ်ရင် မပြောပလောက်တဲ့ အသေးအမွှားလေးပါ။

အဲ့ဒီလို အရွယ်နဲ့မမျှအောင်လောကဓံကိုအရှုံးမပေးတဲ့ ကလေးတစ်ယောက်အကြောင်း ပရိသတ်တွေကို မိတ်ဆက်ပေးချင်ပါတယ်။

သူကတော့ (၆)နှစ်အရွယ်သာရှိသေးတဲ့ ဘောစ်နီးယား နိုင်ငံမှ ကလေးတစ်ယောက်ပါ။ မျက်နှာမြင်ချစ်ခင်ပါစေရုပ်လေးနဲ့ပြည့်စုံတဲ့ (၆)နှစ်သားလေး Ismail Zulfic မှာ တခြားကလေးတွေနဲ့မတူတဲ့အချက်ကတော ကိုယ်လက်အင်္ဂါ မစုံလင်တာပါပဲ။

မသန်စွမ်းကလေးငယ်တစ်ယောက်ဖြစ်တဲ့ Ismail ဟာ မွေးရာပါ ခြေလက်အင်္ဂါ ချို့ယွင်းနေတာကြောင့် သူ့အတွက်တော့ သူများတွေထက်ခက်ခက်ခဲခဲ အသက်ရှင်နေရတာပါ။

ကံကောင်းချင်တော့ သူတို့လိုမသန်စွမ်းကလေးငယ်လေးတွေကို ပြုစုပျိုးထောင်ပေးတဲ့ ရေကူးသင်တန်းကျောင်းရှိပါတယ်။ ရေကူးဝါသနာပါတဲ့ Ismail တစ်ယောက်တော့ အဲ့ဒီရေကူးသင်တန်းကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ အစပိုင်းကတော့ Ismail ဟာ ရေကြောက်တတ်ပေမယ့် သူ့ရဲ့မိဘတွေက Spid ဆိုတဲ့ အခမဲ့သင်ကြားပေးတဲ့ မသန်စွမ်းကလေးငယ်ရေကူးသင်တန်းကျောင်းလေးကို ပို့ပေးခဲ့ပါတယ်။

မသန်စွမ်းကလေးငယ်တွေရဲ့ ခန္ဓာကိုယ်အနေအထားကတော့ တစ်ယောက်နဲ့တစ်ယောက်မတူကြပေမယ့်လည်း သူတို့ဖြစ်ချင်တာလေးတွေဖြစ်ခွင့်ရဖို့ မိဘတွေအနေနဲ့ သူတို့ဆန္ဒလေးတွေကို လုပ်ခွင့်ပေးလိုက်ပါလို့ သင်တန်းနည်းပြ Amel က ပြောပါတယ်။

Ismail ရဲ့ ရေကြောက်တဲ့စိတ်ကို ပျောက်သွားစေဖို့ ရေကူးသင်ရာမှာ သီးသန့်အချိန်ပေးရတယ်လို့ ဆိုပါတယ်။

သားလေး Ismail ရဲ့ မိဘတွေကတော့ သူတို့ရဲ့သားဖြစ်သူကို ကျွမ်းကျွမ်းကျင်ကျင် ရေကူးတတ်စေဖို့ ထရိန်နင်တွေပေးစေပါတယ်။ သင်တန်းကျောင်းရဲ့လေ့ကျင့်ပေးမှုတွေနဲ့အတူ သူ့ရဲ့ အလျှော့မပေးတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် အခုဆိုရင် သူက အတော်လေး ရေကူးကျွမ်းကျင်နေတဲ့အဆင့်ရောက်နေပါပြီ။

ကြိုးစားမှုရလာဒ်တွေကြောင့် အကောင်းဆုံး မသန်စွမ်းရေကူးသမားဆုအဖြစ် ရွှေတံဆိပ်ဆုတစ်ခု အပြင် ဒီနှစ်ကုန်မှာ ဂျာမနီနိုုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ မသန်စွမ်းရေကူးချန်ပီယံလုပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

အခုဆိုရင် သူ့လိုကလေးငယ်တစ်ယောက်က ဒီလိုအခြေအနေမျိုးရောက်လာမယ်လို့ ဘယ်သူကထင်ထားမှာလဲနော်.

ပရိသတ်တွေလည်း ဘယ်လိုအခက်အခဲဒုက္ခတွေပဲကြုံကြုံ စိတ်ဓာတ်မကျပါနဲ့။  

သတင်းအရင်းမြစ် metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။