အမျိုးသမီးတွေအနေနဲ့ ဒီလိုအချိန်ကို ဖြတ်ကျော်ရတာ အတော်လေးခက်ခဲပင်ပန်းလှပါတယ်။ အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် စိတ်ကမပါတော့ဘဲ အကြောင်းရင်းမရှိပဲ ငိုချင်သလို ဒေါသထွက်ချင်သလိုလို ခံစားချက်မျိုးကြီး ဖြစ်ဖူးကြမှာပါ။ အများစုကတော့ အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး တစ်နေ့တာကို ကုန်ဆုံးရလိုက်ရတယ်မဟုတ်လား။ 

အမျိုးသမီးများကြုံရတဲ့ ရာသီလာစဉ် ဝေဒနာတွေနဲ့ သွေးဆုံးခါနီးအချိန် ဖြစ်လေ့ရှိတဲ့ ဝေဒနာတွေကို မိသားစုဝင် သူငယ်ချင်း ချစ်သူတွေအနေနဲ့ ဂရုတစိုက် နားလည်စောင့်ရှောက်ပေးဖို့လိုပါလိမ့်မယ်။ ကျန်းမာရေးဟောပြောပွဲ ပါမောက္ခဒေါက်တာဦးစိုးလွင် ပြောပြသွားတဲ့ ဓမ္မတာလာခြင်း၊ သွေးဆုံးခြင်းနှင့်ပတ်သက်သော အမျိုးသမီးများ၏ကျန်းမာရေးပြဿနာများကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။ 

"မိန်းကလေးတွေရဲ့ ရာသီချိန်ဆိုတာ တော်တော်လေးကိုထူးခြားဆန်းပြားပါတယ်။ စိတ်တွေအမျိုးမျိုးဖြစ်နေတတ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်က “ရာသီမလာခင် လူသတ်ချင်” ဆိုတဲ့ စာအုပ်လေးရေးဖူးပါတယ်။ ရာသီမလာခင်မှာ စိတ်ရောကိုယ်ပါတင်းကျပ်လာတာတွေ ဖြစ်တတ်တယ်။

အဲ့လိုအချိန်မှာ မိန်းကလေးတွေက အမျိုးမျိုးသော စိတ်မတင်မကျမှုတွေ ရှိနေတတ်တယ်။ တချို့ဆိုရင် ရင်သားတွေ တင်းလာတတ်တာ။ ရင်းသားနာကျင်ပြီး အထိမခံနိုင်တာတွေလည်း ရှိတတ်တယ်။ အဲ့အချိန်မှာ ဟော်မုန်းတွေအပြောင်းအလဲတွေ အများကြီးဖြစ်တယ်။ တစ်ယောက်တစ်မျိုးစီပေါ့။ အဲ့အချိန်မှာ ခွေပြီးတော့ ပုဇွန်ထုပ်လေးလို ကွေးနေချင်တယ်။ ဘာမှကိုမလုပ်ချင်တော့တာတွေ ဖြစ်တတ်တယ်။ အဲ့အချိန်မှာ ဘဝအတွက်အရေးအကြီးဆုံးအလုပ်တွေကိုလုပ်မယ်ဆိုရင် လုပ်ရောလုပ်နိုင်ပါ့မလား။ အဲ့အချိန်မှာ ဘဝအတွက် အရေးအကြီးဆုံးစားမေးပွဲတစ်ခု ဖြေရမယ်။

ဆယ်တန်းစာမေးပွဲလိုမျိုးအဲ့ရက်မှာအဲ့လိုတွေဖြစ်နေရင် စာမေးပွဲဘယ်လိုဖြေမလဲနော်။ အားကစားပြိုင်တာတို့ ဘာတို့ဆိုလည်း ဘယ်လိုတွေ ပြိုင်နိုင်ပါ့မလဲ။ တော်တော်ကို မိန်းမသားတွေဘဝမှာ ရာသီရက်က အရေးပါတာတွေထိခိုက်နိုင်တာပေါ့နော်။ အဲ့လိုဖြစ်တာတွေက ဟော်မုန်းတစ်မျိုးကြောင့် ဖြစ်တာပေါ့နော်။ အဲ့အတွက်က သက်သာအောင်လုပ်ချင်တယ်။ 

ဘယ်လိုလုပ်ရမလဲဆိုတော့ အခု Eposoft လို ဆေးမျိုးသောက်လိုက်ရင် သက်သာတာပေါ့နော်။ နောက်တစ်ခုက တစ်ခါတလေကျတော့လည်း ဘာလုပ်ရလဲဆိုတော့ မိန်မသားတွေရာသီကို သိပ်အရေးကြီးတဲ့ကိစ္စတွေရှိတယ်ဆိုရင် ရာသီမလာအောင်ရက်ရွှေ့လိုက်တာ၊ ဆေးသောက်ပြီး ရွှေ့့လိုက်တာ၊ သူလာစေချင်တဲ့အချိန်မှသာ ဆေးကိုရပ်လိုက်ပြီး ရာသီကိုပြန်လာစေတာရှိတယ်။ အဲ့လိုမျိုးလုပ်လို့ရတာရှိတယ်။ 

ဘာအကြောင်းမှမရှိဘဲ ကိုက်ခဲတတ်တဲ့အမျိုးသမီးတွေရှိသလို သားအိမ်ထဲမှာအလုံးရှိလို့ဖြစ်တာ၊ ပိုးဝင်ပြီးရောင်ရမ်းတာ၊ တစ်ခါတလေကျရင် သားအိမ်ထဲမှာပစ္စည်းလေးတွေ ကိုယ်ဝန်မရအောင်ထည့်တာလေးတွေကလည်း ကိုက်ခဲတတ်တာရှိတယ်။ အဲ့ဒါကြောင့် အကြောင်းအရင်းကို လိုက်ရှာပြီးတော့ ဆေးကုရပါတယ်။ 

မိန်းမသားတွေဘဝမှာ ရာသီဟာ လာတာလည်း မကောင်းဘူး။ မလာတာလည်း မကောင်းဘူးလို ဖြစ်နေတတ်ပါတယ်။အမျိုးသမီးတွေက အပျိုဖော်ဘဝစတဲ့အခါမှာ ရာသီစလာတယ်။ ရာသီဟာ အချိန်အတိုင်းအတာတစ်ခုကိုရောက်တဲ့အခါမှာ ပြီးဆုံးသွားပါတယ်။ အဲ့ဒါဘာလဲဆိုတော့ သားဥအိမ်လေးသည် စပြီးတာဝန်ထမ်းဆောင်တဲ့အချိန်မှာ အပျိုဖြစ်လာပြီ ဥလေးတွေကြွေပြီဆိုရင် အဲ့ဒီသားဥအိမ်လေးအလုပ်မလုပ်တော့တဲ့အချိန် ဥလေးတွေမကြွေတော့ဘူး၊ ဟော်မုန်းတွေမထွက်တော့ဘူးဆိုရင် သွေးဆုံးချိန်ကိုရောက်လာတာ။ အဲ့ဒီတော့ မြန်မာအမျိုးသမီးအများစုသည် အသက် 45 ကနေ 50 ကြား သွေးဆုံးလေ့ ရှိတယ်။

သွေးဆုံးပြီးတိုင်း ပုံမှန်ရာသီမလာတော့ဘူးဆိုတာ သေချာပါတယ်။ သို့သော် အဲ့ဟိုမုန်းတွေ ရုတ်တရက်ကျဆုံးသွားတဲ့အချိန်မှာ တချို့အမျိုးသမီးတွေဟာ သွေးဆုံးကိုင်လိုက်တာဖြစ်တတ်တယ်။ အဲ့အချိန်မှာ မီးယပ်ပူမီးယပ်ချမ်းဖြစ်တယ်။ အဲ့ဒါက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာကြောင့်ဖြစ်မှန်းမသိဘဲ မီးလိုပူတာ၊ ရှိန်းရှိန်းနဲ့မီးစထိုးသလိုပူလာတယ်။ နောက်ညအိပ်နေရင်း ချွေးတွေတောက်တောက်ကျလာမယ်။ ညဆိုလည်း အိပ်မပျော်ဘဲ ချွေးတွေကျမယ်။ အလကားနေရင်း စိတ်တိုမယ်။ လူတွေကို သံသယမျက်လုံးနဲ့ကြည့်တယ်။

ခင်ပွန်းသည်ကို ဘယ်သူ့ကို ကြည့်နေမယ်ဆိုပြီး တွေးနေတာ စိတ်တွေဂယောက်ဂယက်ဖြစ်မယ်။ အရိုးတွေပါးလာ၊ ပွလာမယ်။ တစ်ခါတလေ ချောင်းဆိုးရင် ဆီးတွေထွက်ကျတာမျိုး အဲ့ဒါမျိုးတွေ။ အိမ်ထောင်ရေးကို စိတ်ကုန်လာမယ်။ ယောကျာ်းကို အနားမကပ်စေချင်သလို မကပ်ပြန်ရင်လည်း စိတ်တိုမယ်။ တကယ် နားလည်ရခက်တဲ့အချိန်ပါပဲ။ 

အဲ့အချိန်မှာ အမျိုးသမီးတိုင်း စိတ်မတင်မကျဖြစ်တာများတယ်။ ဒါ့ကြောင့် မိသားစုကလည်း ဖေးမကူညီဖို့လိုတယ်။ လိုအပ်လာရင် ဆရာဝန်နဲ့ပြသဖို့လိုတယ်။ ကိုယ်လုပ်မိတာတွေကို မသိတာဖြစ်တတ်တယ်။ သဘာဝအားဖြင့် အမျိုးသမီးဟော်မုန်းတွေက ပဲနို့တို့၊ ပဲနဲ့လုပ်တဲ့အစားအသောက်တွေက အထောက်အကူဖြစ်နိုင်တယ်။ ကယ်လ်စီယမ်ပါတဲ့ ငါးလေးတွေ၊ နို့တွေ စားသောက်ပေးသင့်ပါတယ်။ မိန်းမတွေသွေးဆုံးပြီးရင် နောက်တစ်ကြိမ် သွေးပြန်ဆင်းတာက အန္တရာယ်များပါတယ်။ အဲ့ဒါသည် သားအိမ်ခေါင်းကင်ဆာတို့၊ သားအိမ်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်တယ်၊ မပေါ့ဆသင့်ပါဘူး။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသသင့်ပါတယ်။"လို့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါက်တာဦးစိုးလွင်က ပြောကြားခဲ့တာပါ။ 

သတင်းအရင်းမြစ် drmyanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။