စားဝတ်နေရေးအတွက်ပဲဖြစ်ဖြစ် ၊ကိုယ့်ရဲ့ ၀ါသနာကိုရှေ့တန်းတင်ပြီး အလုပ်လုပ်ကြတာပဲဖြစ်ဖြစ် ကျန််းမာရေးကောင်းနေဖို့ အရေးကြီးနေပါတယ်။ ကျန်းမာခြင်းဟာ လာဘတ်တစ်ပါးဆိုသလိုပဲ ကျန်းမာရေးမကောင်းတဲ့အခါ ဘယ်လောက်ပဲ ငွေကြေးစည်းစိမ်တွေ ချမ်းသာကြွယ်ဝနေပါစေ စိတ်ချမ်းသာမှုမရှိနိုင်ပါဘူး။ ဒါ့ကြောင့် အလုပ်ကိုချစ်သလို မိမိကျန်းမာရေးကိုတော့ ဦးစားပေးအနေနဲ့ ဂရုစိုက်ဖို့လိုပါတယ်။ 

အလုပ်ခွင်မှာရောက်ရှိနေတဲ့အမျိုးသမီးများအနေနဲ့ မိမိတို့တာဝန်ယူဆောင်ရွက်နေရတဲ့လုပ်ငန်းဆောင်တာများကို မနိုင် နင်းဘဲ အလုပ်ဝန်ပိခြင်း၊ အလုပ်ဖိစီးမှုများခြင်း ရှိပါက ဆီးချိုရောဂါ နှစ်ဆဖြစ်စေနိုင်ကြောင်း ကနေဒါနိုင်ငံတွင်ပြုလုပ်ခဲ့ သော သုတေသနပြုမှုတစ်ခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒီလို အလုပ်ဖိစီးမှုဟာ အမျိုးသားများအပေါ်မှာတော့ သက်ရောက်ခြင်းမရှိဘူးလို့ဆိုပါတယ်။

“ အလုပ်ဖိစီးမှုတွေ ကြုံတွေ့လာတဲ့အခါ အမျိုးသားများနဲ့ အမျိုးသမီးများမှာ ဖြစ်ပေါ်တတ်တဲ့ တု့ံပြန်မှုများဟာ အလွန်ကွဲပြား ခြားနားပါတယ်” လို့ တိုရွန်တို ရှိ (၉)နှစ်ကြာသုတေသနပြုလုပ်ခဲ့တဲ့သုတေသီအဖွဲ့ခေါင်းဆောင် Peter Smith က AFP သို့ပြောကြား ခဲ့ပါတယ်။

အမျိုးသမီးများဟာ အလုပ်ဖိစီးမှုများနဲ့ ကြုံလာတဲ့အခါ အဆီဓာတ်နဲ့ သကြားဓာတ်ပါဝင်နှုန်းမြင့်တဲ့အစားအစာများကို ပိုမို စားသုံးချင်စိတ်ဖြစ်လာပြီး ပိုမိုစားသုံးမိတဲ့အတွက် ဒီလို ရလဒ်တွေဖြစ်လာရတာဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

အလုပ်ဖိစီးမှုများရှိလာတဲ့အခါ အမျိုးသမီးများရဲ့ ဟော်မုန်းများမြင့်တက်လာပြီး အာရုံကြောစနစ်နဲ့ ဟော်မုန်းကြားအပြန် အလှန်ချိတ်ဆက်ထားမှုကို ယိုယွင်းစေပါတယ်။ အဲဒီ့အခါ ပုံမှန်စားသုံးတဲ့အစားအစာပုံစံမျိုးအတိုင်းမစားတော့ဘဲ စား သောက်မှုပုံစံပြောင်းသွားပြီး အဲဒီ့အစားအစာများက ရတဲ့စွမ်းအင်ကို သုံးစွဲကြပါတယ်။

အရင့်အရင်က ဆီးချိုရောဂါမရှိခဲ့တဲ့ ကနေဒီယန် အမျိုးသမီး (၇) ထောင်ကျော်ကို စောင့်ကြည့်စစ်ဆေးပြီးမှ ဒီရလဒ်ကို သုတေသီများက ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

၂၀၁၂ သြဂုတ်လကုန်ပိုင်းက Occupational Medicine ဂျာနယ်မှာဖော်ပြခဲ့တဲ့ ဒီသုတေသနပြုမှုအရ အမျိုးသမီးများ မှာဖြစ်ပွားတဲ့ ဆီးချိုရောဂါရဲ့ (၁၉) ရာခိုင်နှုန်းဟာ အလုပ်မနိုင်နင်းမှုကြောင့်ဖြစ်ပြီး ဒီပမာဏဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကိုယ်လက်လှုပ် ရှားမှုနည်းခြင်းနဲ့ အဝလွန်ခြင်းကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါများထက်ပိုမို များပြား တယ်လို့ ရေးသားထားပါတယ်။

သတင်းအရင်းမြစ် people magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။