အမျိုးသမီးတွေအတွက် မိတ်ကပ်ဆိုတာ မရှိမကောင်း ရှိမကောင်းပါ။ လုပ်ငန်းခွင်ဝင်တာပဲဖြစ်ဖြစ် ဒိတ်လုပ်တာပဲဖြစ်ဖြစ် ဒင်နာ ပါတီပွဲ ရှိုးပွဲတွေလို နေရာမျိုးကတော့ မိတ်ကပ်လိမ်းမှသာ သင့်တော်တာပါ။ ကိုယ့်အိမ်မှာကတော့ မျက်နှာပြောင်နဲ့ပဲနေနေ သနပ်ခါးနဲ့ပါးကွက်ကျားနဲ့ပဲနေနေ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုပါဘူး။ တစ်ချို့ကျတော့ ဘယ်သွားသွား မိတ်ကပ်ပါမှ ယုံကြည်မှုရှိကြပါတယ်။

Admin တို့လို မိန်းကလေးတွေအနေနဲ့ မိတ်ကပ်ကို သူ့နေရာနဲ့သူ နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲနေရပေမယ့်လည်း သဘာဝအလှကိုတော့ လျစ်လျူရှုထားလို့မရပါဘူးနော်။ ကိုယ့်ရဲ့ ဘဲဘဲနဲ့ ချိန်းတွေ့တဲ့အခါ မိတ်ကပ်မပါပဲ သွားလေ့ရှိလား.. ။ ကဲ ယောင်းတို့ရေ မိတ်ကပ်မပါပဲ တခြားသော သဘာဝအတိုင်းလည်း လှအောင် ဒီအချက်လေးတွေ လုပ်ကြည့်ပါလား။

(၁)မျက်ခုံးမွှေးလေးတွေကို ကြည့်ကောင်းအောင်လုပ်ပါ။

ကိုယ့်ရဲ့ မျက်နှာလေးမှာ မိတ်ကပ်လိမ်းစရာမလိုပဲ သဘာဝအတိုင်းထင်ပေါ်တဲ့ မျက်နှာလေးဖြစ်အောင် မျက်ခုံးမွှေးကို ညီညီညာညာလေးရိတ်သင့်ရင်ရိတ် ၊ဆိုးသင့်ရင့်ဆိုးထားပေါ့။ ပုံဖော်လိုက်တဲ့အခါ ကိုယ့်ရဲ့ မျက်နှာအလှဟာ မျက်ခုံးမွှေးကြောင့် မြင်သာထင်သာရှိပြီး ဆွဲဆောင်မှုရှိစေမှာပါ။

(၂) သင့်ရဲ့ မျက်လုံးလေးတွေကို ပေါ်လွင်မှုရှိပါစေ။

ဆိုလိုတာက ယောင်းတို့ရဲ့ မျက်လုံးတွေမှာ ပိုပြီးအသက်ဝင်အောင် ပေါ်လွင်ထင်ရှားအောင်လို့ မျက်လုံးတစ်ဝိုက်အသားအရေကို ကြည်လင်အောင် ခရင်မ်တစ်ခုခုနဲ့ လိမ်းပေးသင့်ပါတယ်။ ဥပမာ ဗီတာမင် B ပါဝင်တဲ့ မျက်ကွင်းညိုတာကိုပျောက်ကင်းစေမယ့် မျက်ခွံအစ်နေတာလေးတွေကို သက်သာစေမယ့် ညလိမ်းခရင်မ်လေးတွေကို ပြောတာပါ။ ဒါ့ပြင် မျက်လုံးနားတစ်ဝိုက်ကို အေးနေတဲ့ လက်ဖက်စိမ်း နဲ့ သန့်ရှင်းနုညံ့တဲ့ တစ်ရှုးစလေးနဲ့ပဲဖြစ်ဖြစ် ဖိလိမ်းပေးရင်လညး် အဆင်ပြေပါတယ်။

(၃) ကိုယ့်ရဲ့ သွားလေးတွေကို ဖြူဖွေးနေအောင်ထားပါ။

ဒါကတော့ တကိုယ်ရေသန့်ရှင်းရေးနဲ့သက်ဆိုင်သွားပြီဆိုတော့ အစာစားပြီးတိုင်း ပုံမှန်သွားတိုက်ပေးသင့်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အရင်ဆုံးတစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့အခါ ပြုံးပြစကားဆိုရတဲ့အတွက် ကိုယ့်ရဲ့သွားလေးတွေ ဖွေးသန့်နေမယ်ဆိုရင် မိတ်ကပ်မပါလဲ ဆွဲဆောင်မှုရှိနိုင်တဲ့အရာတစ်ခုပါပဲ။ ဒ့ါကြောင့် ကော်ဖီသောက်ပြီးတိုင်း ဝိုင်သောက်ပြီးတိုင်းမှာ ပိုပြီးသွားတိုက်သင့်ပါသေးတယ်။

၄) နှုတ်ခမ်းနီ ဆိုးဖို့မမေ့ပါနဲ့။

မျက်နှာ မိတ်ကပ်မလိမ်းထားလို့ အရေးအကြောင်းအဖုအထစ်လေးတွေပဲရှိနေပါစေ နှုတ်ခမ်းနီလေးဆိုးလိုက်ရင်ပဲ ကြည့်ကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ရမှာပါ။တော်တော်များများက ကိုယ့်ရဲ့ မျက်နှာအသားအရေအတွက်ပဲ Skin Care အမျိုးမျိုးလုပ်ကြပေမယ့် ကိုယ့်ရဲ့နှုတ်ခမ်းပါးလေးတွေအတွက်တော့ ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ နှုတ်ခမ်းသားကျန်းမာဖို့လည်း တစ်ခါတစ်လေမှာ သံလွင်ဆီ အုန်းဆီစတဲ့ သဘာဝပစ္စည်းလေးတွေနဲ့ လိမ်းပေးဖို့လိုပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ နှုတ်ခမ်းလေးကို နူးညံ့ပျော့ပျောင်းတဲ့ သွားတိုက်တံလေးနဲ့ဖြစ်စေ ၊ ကိုယ့်ရဲ့လက်ချောင်းလေးတွေနဲ့ဖြစ်စေ အသာလေး ဖိပြီး နှိပ်နယ်ပေးသင့်ပါတယ်။

(၅) ယောင်းတို့ရဲ့ ဆံပင်တွေကိုလည်း ဂရုစိုက်ရပါမယ်နော်။

လမ်းထိပ်လေးထွက်တာလောက်ပဲဆိုပြီး ဆံပင်ကို ဖြစ်သလိုမဖြီးမလိမ်းပဲ ဖွာလန်ကျဲပြီး မသွားရဘူးတဲ့နော်။ဆံပင်အရောင်ဆိုးခြင်းနဲ့ ဆံပင်စတိုင်ကလည်း လူတစ်ယောက်ရဲ့မျက်နှာအတွက် အရေးကြီးတဲ့ သော့ချက်တစ်ခုပါပဲ။ မိတ်ကပ်မပါပေမယ့်လည်း ကိုယ့်ရဲ့ ဆံပင်နဲ့ လိုက်ဖက်မယ့် ဆံပင်ကေနဲ့ အရောင်ကို ရွေးချယ်တတ်ဖို့လိုပါတယ်။ နောက်ပြီး ဆံပင်ကို နက်မှောင်သန်စွမ်းဖို့ အုန်းဆီကတော့ အသင့်တော်ဆုံးပါပဲ။ဆံသားခြောက်သွေ့ကြမ်းတမ်းတာတွေကို ကာကွယ်ပေးနိုင်တဲ့အတွက်ပါ။

(၆)နေလောင်ခံ ခရင် သုံးရပါမယ်။

နေပူထဲသွားတဲ့အခါ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေမထိခိုက်အောင် ကိုယ့်အသားအရေနဲ့တည့်မယ့် နေလောင်ခံခရင်တစ်မျိုးကိုရွေးချယ်ပြီး ပုံမှန်လိမ်းပေးသင့်ပါတယ်။ ကြိုတင်ကာကွယ်ထားတာတော့ ခရီးသွားရင်ပဲဖြစ်ဖြစ် အသာရေက ထင်သလောက် ညစ်နွမ်းတာတွေ မဖြစ်လောက်ဘူးပေါ့။

(၇)အသားအရေကို အဓိကဂရုစိုက်သင့်တယ်။

မိတ်ကပ်လိမ်းစရာမလိုပဲ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးပိုင်ဆိုင်ဖို့က အသားရေကို သေချာဂရုစိုက်ရပါမယ်။ ကိုယ့်ရဲ့ အသားအရေနဲ့တည့်မယ့် Lotion ဖြစ်ဖြစ် နေ့လိမ်းခရင်ဖြစ်ဖြစ် ညလိမ်းခရင်ဖြစ်ဖြစ် လိမ်းထားမယ်ဆိုရင် မနက်ကနေ ညအထိ တစ်နေကုန်ဘယ်ပဲသွားသွား ကြည်လင်ချောမွေ့နေမှာပါ။

(၈)အိပ်ရေးဝအောင် အိပ်ပါ။

တစ်ချို့က နင်မျက်နှာလေးအရမ်းချောင်သွားတယ် နေမကောင်းလို့လား ၊အလုပ်တွေပိလို့လား အသဲကွဲလို့လား စသဖြင့် မေးခွန်းတွေမေးလာကြပြီလေ။ တကယ်တော့ စိတ်ဖိစီးမှုတွေကြောင့်ရော ညဘက်တော်တော်နဲ့ အိပ်မပျော်တာကတော့ လူကြီးလူငယ်မရွေးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်က အနည်းဆုံး တစ်နေ့ (၇)နာရီ(၉)နာရိီခန့် ပုံမှန်အိ်ပ်ပေးသင့်တယ်လို့ ပညာရှင်အချို့ကပြောထားပါတယ်။ အိပ်ရေးဝတော့လူလည်းစိတ်ကြည်ပြီး မျက်နှာလေးလည်း ကြည်လင်နေမှာပေါ့။ ဒါဆိုရင် မိတ်ကပ်နဲ့ဖုံးဖိစရာမလိုလောက်တော့ဘူးလေ။ အိပ်ရေးဝတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေလည်း မထွက်နိုင်တော့ပါဘူး။

(၉)အစားအသောက်ကို ပုံမှန်ချင့်ချိန်စားသုံးသင့်ပါတယ်။ 

အပူအစပ်တွေ ၊ကိုယ်နဲ့ အလက်ဂျစ်ဖြစ်တတ်တဲ့ အစားမျိုးတွေဆိုရင် ဘယ်သူပဲအလကားကျွေးကျွေး အားနာပြီး သွားမစားမိစေနဲ့။ Admin ကိုယ်တိုင်လည်း အစားသောင်းကျန်းတဲ့အထဲပါတယ်(ခ်ခ်) မိန်းကလေးတော်တော်များများက အပူအစပ်ဆို သေအောင်ကြိုက်ကြတာ မတည့်လဲခိုးစားကြတယ်လေ။ ဒီလိုနဲ့ နောက်ဆက်တွဲ ဖုတွေထစ်တွေ ထွက်လာပြီး အမေမွေးတဲ့မျက်နှာလှလှလေးကနေ မိတ်ကပ်ဖုံးရတော့တာပါပဲမလား။ ဒါ့ကြောင့် အစားအသောက်ကို ပုံမှန်စား ၊တည့်မတည့် ဆင်ခြင်ပြီးမှ စားသင့်ပါတယ်လို့ အကြံပေးချင်ပါတယ် ယောင်းတို့ရေ။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။