YBS Bus တွေကို နောက်ပေါက်က မတက်ကြပါနဲ့ အန္တရာယ်အရမ်းများပါတယ်။ ဘာလို့ အန္တရာယ်များလည်းဆိုတော့

အဆင်းပေါက်တံခါးပိတ်နေရင်းတန်းလန်း ယာဉ်မောင်းအော်နေတဲ့ကြားကပင် အသက် (၅၀) ခန့်အရွယ် အမျိုးသမီးတစ်ဦး အဆင်းပေါက်က အတင်းပြေးတက်လာပြီး ကားပေါ်ရောက်လာတယ်။

“ကားခ လာထည့်ပါ့မယ်” လို့ပြောရင်း အဲဒီအမျိုးသမီးက ကားအရှေ့ပိုင်းကို လျှောက်လာပါတယ်။ ယာဉ်မောင်းက “အဲလိုမတက်နဲ့လေဗျာ၊ အန္တရာယ်များတာပေါ့” လို့ပြောတယ်။ “ရှေ့ပေါက်ထိလာတက်ရင် ကားမမှီဘဲထွက်သွားမှာစိုးလို့ပါ” လို့ အဲဒီအမျိုးသမီးပြန်ပြောပါတယ်။ သူမှားမှန်းသိတော့ မျက်နှာချိုပြန်သွေးတဲ့ပုံနဲ့ ယာဉ်မောင်းမျက်နှာကိုကြည့်ပြီး “ဒီမှာ ကားခထည့်လိုက်ပါပြီနော်” လို့ပြောကာ ထည့်ပြီးတာနဲ့ ကားနောက်ပိုင်းကိုပြန်လျှောက်သွားပါတယ်။

ဒီဖြစ်စဉ်က ၉.၆.၂၀၁၇ ညနေ ၆ နာရီခန့်, ဝိုင်ယာလက်မှတ်တိုင်, YBS 37 (ယခင် BRT) မှာ ဖြစ်ခဲ့တာပါ။ မသိနားမလည်လို့မဟုတ်ဘဲ ကားမမှီဘဲထွက်သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့စည်းကမ်းဖောက်တဲ့ ဖြစ်စဉ်ပါ။

ဒီနေရာမှာ အဆင်းပေါက်မှာရှိတဲ့ အာရုံခံကိရိယာ (mid door sensor) အကြောင်းကို မသိသေးတဲ့သူတွေအတွက် ကျွန်တော်မျှဝေချင်ပါတယ်။ Mid door sensor က လှေကားခွင်အတွင်း ဟိုဖက်ထိပ်နဲ့ဒီဖက်ထိပ်မှာ ရှိပါတယ်။ လှေကားခွင်အတွင်း လူမတ်တပ်ရပ်နေတာဖြစ်ဖြစ်၊ အရာဝတ္ထုပစ္စည်းတစ်ခုခု ရှိနေတာဖြစ်ဖြစ် sensor က အာရုံခံမိတာကြောင့် တံခါးပြန်ပိတ်လို့မရပါဘူး။ 

တံခါးမပိတ်တဲ့အခါ lever နင်းလို့မရပြန်တဲ့အတွက် ကားလည်းထွက်လို့မရပါဘူး။ တံခါးပိတ်နေစဉ်မှာ ကားပေါ်ကလူတစ်ယောက်ယောက်က အတင်းပြေးဆင်းရင် sensor က အာရုံခံမိတာကြောင့် တံခါးပြန်ပွင့်သွားပါတယ်။ ဒီလိုအနေအထားက သိပ်အန္တရယ်မရှိပါဘူး။ အန္တရာယ်ရှိတာက တံခါးပိတ်နေစဉ်မှာ အောက်ကနေ အတင်းပြေးတက်တာပါ။ အောက်ကနေပြေးတက်တဲ့အနေအထားမှာ sensor က အာရုံမခံမိနိုင်ဖို့ ၉၉ % သေချာပါတယ်။ ဒီလိုအာရုံလည်းမခံမိတဲ့အတွက် လူတက်နေပေမယ့်လည်း တံခါးကပြန်မပွင့်တဲ့အခါ နောက်ပြန်လန်ပြုတ်ကျပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲအန္တရယ်တွေ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့အန္တရယ်တွေကို ကိုယ်တိုင်သာတွေးကြည့်ပါခင်ဗျာ။

ဒီလိုဖြစ်စဉ်တွေက ယာဉ်နောက်လိုက်မပါဘဲ BRT Lite အနေနဲ့ ပထမဆုံးစတင်ပြေးဆွဲခဲ့တဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်တည်းက ကြုံတွေခဲ့ရတဲ့ပြဿနာတွေထဲက တစ်ခုပဲရှိပါသေးတယ်။ အခုနောက်ပိုင်း ယာဉ်နောက်လိုက်မပါဘဲ အသစ်ပြေးဆွဲတဲ့ YBS 20 နဲ့ YBS 56 ယာဉ်လိုင်းတွေမှာလည်း လွန်ခဲ့တဲ့တစ်နှစ်ကျော်တည်းက အခုထိတိုင် BRT ကားတွေမှာကြုံတွေခဲ့ရတဲ့ ဖြစ်စဉ်မျိုးတွေရှိနေဦးမှာပါ. စည်းကမ်းလိုက်နာရင်း အန္တရာယ်လည်းမကျရောက်စေဖို့အတွက် ဆန္ဒရှိပါက ဒီ post ကို လွပ်လပ်စွာ share နိုင်ပါတယ်ခင်ဗျာလို့ ကိုသက်နိုင်စိုးက ဝေမျှထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။