“ဆယ်တန်းတွေ Result ထွက်တော့မယ်ဆိုတော့၊ လွန်ခဲ့တဲ့ (၁၀) နှစ်က ကိုယ့်ရဲ့ (၁၀) တန်းအောင် စာရင်း ထွက်ခါနီး အချိန်လေးကို သတိရမိတယ်။ ရင်တွေတုန်နေရတာ ရင်ခုန်တာမဟုတ်ဘူး။ ရင်တုန်တာ၊ 

ဘာဖြစ်လို့လဲဆိုတော့ ငယ်ငယ်ကတည်းက စာလဲ ထူးချွန်တဲ့သူ မဟုတ်၊ တစ်တန်း တစ်တန်းသာ တက်လာတယ် စာတွေလည်း အောက်သက်မကျေခဲ့တဲ့ အပြင် မိဘတွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုနဲ့အတူ မိသားစု စီးပွားရေးကလဲ အဆင်မပြေတော့ ကျူရှင်လခတောင် အနိုင်နိုင်၊ ထမင်းနပ်မှန်ဖို့ ဦးဆောင် စီးပွားရှာနေရတဲ့ အမေကလဲ သမီး စာတွေရရဲ့လား လို့မေးနိုင်ရုံကလွဲပြီး ဘာမှမတတ်နိုင်ရှာဘူး။ သူငယ်ချင်း ကားနဲ့ ကပ်ကပ်လိုက်ပြီး တစ်မျိုး၊ အမေနဲ့နှစ်ယောက်သား လမ်းလျှောက်ရင်းနဲ့က တစ်မျိုး၊ Halpin ကျူရှင်တက်ခဲ့တယ်။ 

စာကျက်လိုက် အမေစျေးရောင်းတာ ကူလိုက် စနေ၊ တနင်္ဂနွေ၊ ကံကောင်းလို့ မင်္ဂလာဆောင်လေးများရှိရင် အပိုဝင်ငွေလေး ရရချည်ရဲ့ဆိုပြီး သီချင်း ပြေးဆိုလိုက်၊ ဒီလိုနဲ့ စာမေးပွဲဖြေပြီး အောင်စာရင်း ထွက်တော့မယ့်ည ရင်တွေတုန်ရပြီလေ၊ ဂုဏ်ထူးဆိုတာကို မမျှော်လင့်ရဲခဲ့ပါဘူး။ စာသိပ်တော်နေတဲ့ထဲလဲမပါ စိတ်ဆင်းရဲစရာ အခြေအနေတွေကြားထဲမှာပဲ (၁၀) တန်း တစ်နှစ်လုံး ဖြတ်သန်းခဲ့ရဆိုတော့ အကောင်းဆုံးဖြေခဲ့ပါတယ်။ ဒါပေမယ့် မသေချာတဲ့ ဘာသာရပ်တစ်ခု အတွက်ကြောက်နေမိတယ်။ ငါသာ အလွဲအချော်ဖြစ်ခဲ့ရင် အဆိုတော် ချစ်ကောင်း သမီးပေါ့ ဆိုတဲ့ အပြောအဆိုတွေ ပြီးတော့ အဓိကကတော့ ဖတ်ဖတ်မော ရှာဖွေပြီး ကျူရှင်ထားပေးခဲ့တဲ့ အမေ့ကိုမျက်နှာ ဘယ်လိုပြရမလဲ ပတ်ဝန်းကျင်မှာ အတင်းအပင်ပန်းခံပြီး ပံ့ပိုးပေးထားတာတွေအတွက် ငါဘယ်လို လုပ်ရပါ့မလဲဆိုတဲ့ စိတ်နဲ့ ရင်တုန်နေမိတယ်။ အောင်စာရင်းကြည့်တယ်၊ အမေငိုတယ်။ သူများတွေလို ငါ့သမီးလေးကို မပံ့ပိုးပေးနိုင်ပေမယ့် ဘဝတစ်ကွေ့ ဖြစ်တဲ့ (၁၀) တန်းကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့လို့တဲ့ ပျော်ပြီးငိုခဲ့တယ်။” လို့ အဆိုတော် အိမ့်ချစ် မှ သူမရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။