ပိုကောင်းတဲ့အလုပ်နေရာကို ရွေးချယ်ဖို့အတွက် ဘာတွေလိုအပ်မလဲ၊ လက်ရှိအလုပ်ကို ငြီးငွေ့နေပြီလား။ ဒါဆိုရင်တော့ ဒီအချက်တွေဖတ်ပြီး ပြင်ဆင်သင့်ပါတယ်။

အချိန်နဲ့အမျှသင်ယူပါ

အချိန်ပြည့် အလုပ်နဲ့ကျောင်း၊ ကျောင်းနဲ့အလုပ် သွားခိုင်းနေတာမျိုး မဟုတ်ပါဘူးနော်။ ဒါပေမယ့် သင်ယူလို့ရတဲ့ပညာမှန်သမျှကို သင်နဲ့မဆိုင်ဘူးလို့ ရှောင်ဖယ်မထားပဲ အချိန်နဲ့အမျှသင်ယူပါ။ သင့်ရဲ့လုပ်ငန်းတာဝန် ပြီးဆုံးတဲ့အချိန်မှာ သူများလုပ်ငန်းတာဝန်တွေကို လေ့လာပါ။ သင်နဲ့မတူတဲ့ ဌာနတွေက အလုပ်တွေကို အားတိုင်းလေ့လာပါ။ အစည်းအဝေးခန်းထဲရောက်တဲ့အချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတုယူသင့်တဲ့ အပြုအမူ၊ အပြောအဆိုနဲ့ လုပ်ကိုင်ပုံတွေကို အတုယူပါ။ သူဌေးနဲ့ တွေ့ရတဲ့အခါ လုပ်ငန်းတစ်ခုလုံးလည်ပတ်ပုံနဲ့ စီးပွားရေး လုပ်ကိုင်ပုံတွေကို လေ့လာမှတ်သားပါ။ ယူတတ်ရင် အချိန်တိုင်းက သင်ခန်းစာတွေပါပဲ။ သင် သင်ကြားတတ်မြောက်ချင်စိတ်ရှိဖို့သာ လိုတာပါ။

လိုအပ်တာတွေဖြည့်စွက်ပါ

သင် လက်ရှိအလုပ်ကို ကွန်ပြူတာ သေချာမကိုင်တတ်ပေမယ့် ကံကောင်းလို့ရလိုက်တာလား။ နောက်တစ်ခါတော့ သင် ကံကောင်းဖို့ အခုလောက် လွယ်မှာမဟုတ်တော့ပါဘူးနော်။ နောက်တစ်ခုပြောင်းလုပ်မယ်ကြံရင် ဒုကတွေ့ပါလိမ့်မယ်။ အဲဒီအထိမရောက်သေးပါဘူး။ ရာထူးတိုးဖို့ရှိတယ်ဆိုရင်တော့ သင့်ရဲ့အားနည်းချက်ကြောင့် အခက်အခဲဖြစ်သွားနိုင်ပါတယ်။ အားတဲ့အချိန်မှာ ကွန်ပြူတာသင်တန်းသွားတတ်နိုင်အောင် ကြိုးစားပါ။ သင် သူများတွေလောက် အင်္ဂလိပ်စာမကောင်းဘူးလို့ ခံစားရရင် အင်္ဂလိပ်စာသင်န်းသွားတတ်ဖို့ အားစိုက်ပါ။ နေရာကောင်းကောင်းကို ရောက်ဖို့ရဖို့အတွက် သင် ဒီတိုင်းထိုင်ရင်း စိတ်ကူးယဉ်နေလို့မရနိုင်ပါဘူး။ ငါအသက်ကြီးနေပြီပဲလို့ မတွေးပါနဲ့။ သင်ယူလေ့လာမှုဆိုတာ သေဆုံးသည်ထိ ဘယ်သောအခါမှ ရပ်တန့်သွားတယ်ဆိုတာ မရှိပါဘူး။

ယဉ်ကျေးမှုရှိပါစေ

လူတိုင်းကတော့ ကိုယ်နဲ့အဆင်ပြေတဲ့သူကိုပဲ ခင်မင်လေ့ရှိကြတာပါ။ အဲဒီလိုပဲ အကူအညီကောင်းတစ်ခုခုကို ပေးတော့မယ်ဆိုရင်လည်း ခင်မင်ရင်းနှီးရင်းစွဲရှိတဲ့သူကိုပဲ ပေးမှာပါ။ ဒါကြောင့် ဘယ်သူနဲ့ပဲပြောဆိုဆက်ဆံပါစေ ယဉ်ကျေးတဲ့အပြုအမူ၊ ယဉ်ကျေးတဲ့အပြောအဆိုတွေကိုပဲ သင့်ဖက်က ပြသပါ။ ဘာမဟုတ်တဲ့ အပြုအမူ ဒါမှမဟုတ် အပြောအဆိုတစ်ခုကြောင့် သင့်ရဲ့ ရှေ့တက်လမ်းတွေရဲ့အကူအညီကောင်းတွေကို လမ်းမပိတ်စေပါနဲ့နော်။ လူတိုင်းနဲ့ အဆင်ပြေပျော်ရွှင်စွာဆက်ဆံနိုင်တယ်ဆိုတာကလည်း အလုပ်တစ်ခုမှာ ရှေ့ဆက်ကောင်းဖို့အတွက် သင့်ရဲ့ လူမှုအားသာချက်တစ်ခုအနေနဲ့ နေရာယူထားပါတယ်။

Social ဖြစ်အောင်နေပါ

အခုခေတ်မှာ လူရိုးဆိုတာ သချႌုင်းမှာပဲ ရှိပါတယ်။ ဒါကြောင့် သင် ဘယ်လောက်အနေအေးတယ်၊ ရိုးသားတယ်ပဲပြောပြော Social ကျဖို့တော့ လိုပါလိမ့်မယ်။ အလုပ်က ပါတီပွဲတွေမှန်သမျှ မတက်ပဲရှောင်နေတာက သင့်ရဲ့ရိုးသားခြင်းကို ပြသရာမရောက်ပါဘူး။ သွားစရာရှိတာသာ သွားပါ။ လူအများနဲ့လည်း လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဒီလိုနေရာမျိုး၊ အခမ်းအနားမျိုးတွေက သင့်အတွက် လုပ်ငန်းခွင်မှာ ပြသလို့မရတဲ့ တစ်ချို့သောလူမှုကျွမ်းကျင်မှုတွေကို ပြသလို့ရတဲ့နေရာတွေပါပဲ။ ဥပမာ - သင့်ရုံးမှာဆို ပုံမှန်ရုံးအကျႌပဲ ဝတ်နေရတယ်ဆိုရင် ဒီနေရာအခမ်းအနားတွေမှာတော့ သင် ဘယ်လောက် သပ်ရပ်ပြီးမိုက်အောင် ဝတ်နိုင်လဲဆိုတာကို ပြသလို့ရပါတယ်။ ဒါတွေက အလုပ်ကောင်းနေရာကောင်းကို သယ်ဆောင်သွားပေးဖို့ မလိုအပ်ပါဘူးလို့ တွေးနေမိတယ်ဆိုရင် ဒီအတွေးတွေကို အခုပဲ စွန့်ပစ်လိုက်ပါ။ ကိုယ်ရည်ကိုယ်သွေးလောက် ဘဝမှာ အရေးကြီးလိုအပ်တဲ့ အရည်အချင်းမရှိပါဘူး။

မျက်စိဖွင့်နားစွင့်ထားပါ

လိုအပ်တဲ့အရည်အချင်းတွေနဲ့ ဘယ်လောက်ပဲပြည့်စုံနေပါစေ။ မျက်စိပိတ်နားပိတ်နေတဲ့သူတစ်ယောက်အတွက်တော့ ဘဝတက်လမ်းကို မြင်လည်းမမြင်နိုင်သလို ကြားလည်းကြားမှာမဟုတ်ပါဘူးနော်။ သင် အလုပ်ပြောင်းချင်နေပြီဆိုရင် လက်ရှိနေရာထက် ပိုကောင်းတဲ့နေရာ ဘယ်မှာရှိလဲဆိုတာကို သင်မြင်နိုင်ကြားနိုင်ရပါလိမ့်မယ်။ ဒါကြောင့် မျက်စိဖွင့်နားစွင့်နေခိုင်ရခြင်း ဖြစ်ပါစေ။ နည်းနည်းပြောပြီး များများကြည့်ပါ။ များများနားထောင်ပါ။ ကိုယ်နဲ့မသက်ဆိုင်ဘူးဆိုပြီး ဘယ်တော့မှ သူများစကားတွေကို လက်လွတ်စပယ်မထားဖို့ အကြံပေးပါရစေ။ တစ်ခါတစ်လေ သင့်ရဲ့ အနာဂတ်အလင်းရောင်လေးက တစ်ဆင့်စကားတစ်ဆင့်ပါးပြီး သင့် အနားရောက်လာတတ်ပါသေးတယ်။ ဒါကြောင့် အဲဒီ့အချိန်ကို ဖမ်းဆုပ်ရယူမိဖို့အတွက် အိပ်တဲ့အချိန်ကလွဲလို့ မျက်စိပိတ်နားပိတ်မနေပါနဲ့။

ပန်းတိုင်သတ်မှတ်ပါ

ဒါကတော့ ဘယ်အလုပ်ပဲလုပ်လုပ်ပါ။ ရည်မှန်းချက်ပန်းတိုင်ကို ချမှတ်ပါ။ သင်ဟာ အခု ကုန်တိုက်ကြီးတစ်ခုက အရောင်းဝန်ထမ်းဖြစ်နေတယ်။ မန်နေဂျာနေရာကို စိတ်ကူးယဉ်နေမိပြီဆိုရင်လည်း မန်နေဂျာဖြစ်ဖို့ ဘာတွေ တစ်ဆင့်ပြီးတစ်ဆင့်ပြင်ဆင်ရမလဲဆိုတာကို ဇယားဆွဲပြီး မန်နေဂျာဆိုတဲ့ ပန်းတိုင်တစ်ခုကို ဘယ်လောက်အကြာမှာ ရောက်ရမယ်လို့ စိတ်ဆုံးဖြတ်ချက်ချပါ။ ဖြစ်အောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် အဲဒီအတွက် ပန်းတိုင်တော့ရှိပါစေ။ မသေချာတဲ့အရာတွေက ဘယ်တော့မှ မရေရာပါဘူးနော်။ ဒီထက်ပိုကောင်းတဲ့ အိပ်မက်ကောင်းလေးအတွက် ရေရာတဲ့ပန်းတိုင်လေးတော့ ရှိပါစေ။

စိတ်ကူးကို လက်တွေ့လုပ်ပါ

ညဖက် အိပ်မပျော်ခင် မက်တဲ့ စိတ်ကူးအိမ်မက်တွေက ဒီထက်ကောင်းတဲ့အလုပ်ဆီသို့ ဆိုရင်တော့ စိတ်ကူးယဉ်နေရုံနဲ့မကျေနပ်ပဲ လက်တွေ့မှာ အကောင်အထည်ဖော်လိုက်ပါနော်။ ထီပေါက်ချင်ရင် ထီထိုးရပါလိမ့်မယ်။ ဒီလိုပါပဲ စိတ်ကူးယဉ်နေတဲ့ ဘဝအိပ်မက်တွေမှန်သမျှက လက်တွေ့ဖြစ်ပျက်လာနိုင်ပါတယ်။ သင့်ဖက်က ထပြီး စတင်လုပ်ဆောင်လိုက်ဖို့သာ လိုအပ်ပါတယ်နော်။

သာယာလှပတဲ့နံနက်ခင်းကို ရောက်ရှိဖို့ဆိုရင်တော့ ညနက်နက်တွေကို ကျော်ဖြတ်ရတာအမှန်ပါပဲ။ ဒါကြောင့် သင် ရှုံးနိမ့်တိုင်းလည်း တစ်သက်လုံး ဒီနေရာမှာပဲ လှဲနေလိုက်ရတော့မယ်လို့ မဆိုလိုပါဘူး။ ဒီထက်ပိုကောင်းတဲ့နေရာတွေကို သွားနိုင်ဖို့ အိပ်မက်လို့ရပါတယ်။ နောက်ပြီး ဒီအိပ်မက်ကောင်းလေးကို အကောင်အထည်ဖော်ဖို့ အခွင့်အရေးကလည်း လူတိုင်းရဲ့လက်ထဲမှာ ရှိလို့နေပါတယ်နော်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။