လူတိုင်းဟာ နေ့စဉ်နေ့တိုင်း စားဝတ်နေရေးမိသားစု ဆိုတဲ့ ဇောတွေနဲ့ကိုယ့်ကိုယ်ကို မေ့လျောနေတတ်ပြီး တစ်နေ့တာလုံး အလုပ်တွေနဲ့ သံသရာလည်နေကြရပါတယ်။ အလုပ်လုပ်နိုင်ဖို့ ကျန်းမာနေမှ ရမှာပါ။ ဒ့ါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုတွေခံစားရနေလဲဆိုတာ လျစ်လျူမရှုသင့်ပဲ နီးစပ်ရာဆေးခန်းက ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။ အကယ်လို့ သင် မနက် ကနေ ညအထိ မကြာခဏ မောပန်းနေရင်တော့ ဘာကြောင့်လဲဆိုတာ ဖတ်ကြည့်ပါဦး။

1. သွေးအားနည်းခြင်း

အဆုတ်မှအောက်ဆီဂျင်တွေကို ခန္ဓာကိုယ်တစ်သျှူးတွေနဲ့ ဆဲလ်တွေဆီကို သယ်ဆောင်ပေးတဲ့ သွေးနီဥဆဲလ်တွေလုံလောက်စွာမရှိတဲ့တာကို သွေးအားနည်းခြင်းလို့ခေါ်ပြီး အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း စတဲ့လက္ခဏာတွေ ခံစားရစေပါတယ်။ သံဓာတ်ချို့တဲ့ခြင်း၊ ဗီတာမင်ချို့တဲ့ခြင်း၊ သွေးထွက်လွန်ခြင်း၊ ကိုယ်တွင်းသွေးယိုစီးခြင်း၊ နာတာရှည်ရောဂါတွေဖြစ်တဲ့ အဆစ်ရောင်ရောဂါ၊ ကင်ဆာနဲ့ ကျောက်ကပ်ပျက်စီးခြင်း စတာတွေကြောင့် သွေးအားနည်းလေ့ရှိပါတယ်။ မျိုးပွားနိုင်တဲ့အသက်အရွယ်မှာရှိတဲ့ အမျိုးသမီးတွေမှာ ရာသီလာစဉ်သွေးဆင်းများခြင်း၊ ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်ကျွေးချိန်တွေမှာ သံဓာတ်ပိုမိုလိုအပ်ခြင်းတွေကြောင့် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါပိုဖြစ်လေ့ရှိပါတယ်။

တစ်ချိန်လုံးမောနေတာက အဓိကရောဂါလက္ခဏာဖြစ်ပြီး အခြားလက္ခဏာတွေကတော့ အလွန်အမင်းအားနည်းခြင်း၊ အိပ်ရခက်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ဖြစ်ကြပါတယ်။ လှေကားတက်ခြင်း၊ လမ်းခဏလျှောက်ခြင်း စတဲ့ပုံမှန်လှုပ်ရှားမှုလေးတွေလုပ်ရင်တောင် မောနေတတ်ပါတယ်။

2. သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ဟော်မုန်းပမာဏ ကပြောင်းကပြန်ဖြစ်ရင် ပုံမှန်နေ့စဉ်လုပ်ငန်းလေးတွေလုပ်ရင်တောင် မော ပန်းစေနိုင်ပါတယ်။ လည်ပင်းအရှေ့ဘက်မှာရှိတဲ့ ကြိုးထုံးအရွယ်သိုင်းရွိုက်ဂလင်းကနေ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပေးတဲ့ဟော်မုန်းတွေထုတ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်တာများလွန်းရင် ဇီဝကမ္မဖြစ်စဉ်ကိုမြန်စေပြီး ထွက်တာနည်းလွန်းရင်နှေးစေပါတယ်။

သိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့လက္ခဏာတွေကတော့ ကြွက်သားများအားနည်းခြင်းဖြစ်ပြီး ပေါင် ရှိကြွက်သားတွေက စပြီး သတိထားမိနိုင်ပါတယ်။ စက်ဘီးစီးခြင်း၊ လှေကားတက်ခြင်းတွေ ပြုလုပ်ရ ခက်ခဲလာပါတယ်။ အခြားလက္ခဏာတွေကတော့ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျသွားခြင်း၊ ခန္ဓာကိုယ်တစ်ချိန်လုံးပူနွေးနေခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ရာသီသွေးပုံမမှန်ခြင်း (လာတဲ့ရက်နည်းပြီး လာချိန်ကျဲသွားခြင်း)၊ မကြာခဏရေဆာခြင်း စတာတွေဖြစ်ပါတယ်။ ဒီရောဂါက အသက် 20 မှ 30 ကြားအမျိုးသမီးတွေမှာ အဖြစ်များပေမယ့် အသက်ကြီးတဲ့ အမျိုးသမီး၊ အမျိုးသားတွေမှာလည်းဖြစ်တတ်ပါတယ်။

သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါကတော့ မောပန်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ နည်းနည်းလေးလှုပ်ရှားရင်တောင် ကြွက်သားတွေနာခြင်း၊ ခန္ဓာကိုယ်ထဲမှာ ရေတွေ စုပုံပြီးကိုယ်အလေးချိန်တက်လာခြင်း၊ ခန္ဓာကိုယ်တစ်ချိန်လုံးအေးနေခြင်း (ရာသီဥတုပူရင်တောင်)၊ ရာသီသွေးများခြင်း၊ ခဏခဏလာခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့လက္ခဏာတွေခံစားရစေပါတယ်။ အသက် 50 အထက်အမျိုးသမီးတွေမှာ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ရောဂါအဖြစ်များပါတယ်။

သွေးစစ်ပြီးရောဂါကို ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ သိုင်းရွိုက်ရောဂါတွေက ကုသလို့ပျောက်ကင်းနိုင်တဲ့ အတွက် အထက်ပါလက္ခဏာတွေ ခံစားရရင် သေချာစစ်ဆေးဖို့လိုပါတယ်။

3. ဆီးချိုရောဂါ

နှစ်စဉ် ဆီးချိုရောဂါရှင်ပေါင်း တစ်သန်းကျော်ရှိပြီး အများစုက သူတို့မှာ ဆီးချိုရှိနေကြောင်းကို သတိမပြုမိကြပါဘူး။ ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လောင်စာတစ်မျိုးဖြစ်ပါတယ်။ အမျိုးအစား 2 ဆီးချိုရောဂါရှိသူတွေမှာ ဂလူးကို့စ်ကို မှန်ကန်စွာမသုံးနိုင်တော့ဘဲ သွေးထဲမှာစုပုံလာစေပါတယ်။ ခန္ဓာကိုယ်ဖြစ်စဉ်တွေလည်ပတ်ဖို့အတွက် စွမ်းအင်လုံလောက်စွာမရတဲ့အခါမှာ မောပန်းလာပါတယ်။ တစ်ချိန်လုံးမောပန်းနေတာအပြင် အခြားလက္ခဏာတွေကတော့ -ရေအလွန်အမင်းငတ်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆာလောင်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဂဏှာမငြိမ်ခြင်း၊ ရောဂါပိုးများဝင်ရောက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း စတာတွေဖြစ်ပါတယ်။

စမ်းသပ်မှုများ - ဆီးချိုရောဂါကို သွေးစစ်ပြီး စမ်းသပ်နိုင်ပါတယ်။ 8-10 နာရီကြာအစာမစားဘဲနေစေပြီး မနက်အိပ်ယာနိုးတာနဲ့ အစာမရှိချိန်မှာ သွေးတွင်းသကြားဓာတ်စစ်ဆေးတာမျိုးလုပ်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။ နောက်တစ်နည်းကတော့ အစားစားပြီး 2 နာရီအကြာမှာ စစ်ဆေးတာမျိုးလဲ လုပ်လို့ရပါတယ်။

4. စိတ်ကျရောဂါ

အိပ်စက်ခြင်း၊ စားသောက်ခြင်းနဲ့ ခံစားချက်တွေကို အနှောက်အယှက်ဖြစ်စေတဲ့ အဓိကရောဂါတွေထဲမှာ စိတ်ကျရောဂါအပါအဝင်ဖြစ်ပါတယ်။ ကုသမှုမခံဘူးဆိုရင် ရောဂါလက္ခဏာတွေက တစ်ပတ်၊ တစ်လကနေ နှစ်ပေါင်း များစွာအထိ ကြာရှည်စေနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ခံစားရတဲ့လက္ခဏာတွေမတူပေမယ့် အဖြစ်များတဲ့လက္ခဏာတွေကတော့ -အားအင်ကုန်ခမ်းလာခြင်း၊ အစာစားချိန်နှင့် အိပ်ချိန်ပုံမှန်ခြင်း၊ မှတ်ဉာဏ်နှင့် အာရုံစိုက်နိုင်မှုလျော့နည်းလာခြင်း၊ မျှော်လင့်ချက်မဲ့သလိုခံစားရခြင်း၊ တန်ဖိုးမဲ့လာခြင်း၊ အဆိုးမြင်လာခြင်းတို့ဖြစ်ကြပါတယ်။

စိတ်ကျရောဂါကို သွေးစစ်ကြည့်လို့မရပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးမေးမြန်းပြီးတော့မှ သာ ရောဂါသတ်မှတ်နိုင်ပါတယ်။ အောက်ပါ လက္ခဏာတွေထဲမှ 5 ချက်နှင့်အထက်ကို နှစ်ပတ်ကျော်ခံစားရရင် (သို့) ဒီလက္ခဏာတွေက နေထိုင်မှုကို အနှောင့်အယှက်ဖြစ်လာပြီဆိုရင်တော့ စိတ်ရောဂါအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုခံယူပါ။ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အိပ်ချိန်နည်းလွန်းခြင်း၊များလွန်းခြင်း၊ အမြဲဝမ်းနည်းနေခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ထဲမှာဘာမှမရှိခြင်း၊ အစာစားချင်စိတ်နည်းပြီး ပိန်လာခြင်း (သို့) အစာစားချင်စိတ်အရမ်းများပြီး ဝလာခြင်း၊ စိတ်ဝင်စားမှုလျော့နည်းလာခြင်း (သို့) အရင်က ကြိုက်တဲ့အရာတွေကိုတောင်မကြိုက်တော့ခြင်း၊ ဂဏှာမငြိမ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နာကျင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အစာမကျေခြင်း စသည်တို့အတွက် ဆေးသောက်သော်လည်း မပျောက်ကင်းဘဲဆက်ရှိခြင်း၊ သေချင်စိတ်ဖြစ်နေခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံခြင်း စသည်တို့ဖြစ်ပါတယ်။

5. အဆစ်အမြစ်ရောင်ရောဂါ

ခန္ဓာကိုယ်အတွင်းရှိခုခံအားစနစ်က ကိုယ့်ခန္ဓာကိုယ်ကိုပြန်တိုက်ပြီး အဆစ်တွေကိုတ်ိုက်ဖျက်လိုက်တဲ့အခါ အရိုးနဲ့ အရိုးနုတွေပျက်စီးသွားစေတဲ့ရောဂါဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ မောပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ အဆစ်များနာခြင်းတို့နှင့်အတူ အခြားရောဂါလက္ခဏာတွေတွဲပြီးဖြစ်တတ်ပါတယ်။ မောပန်းခြင်းဖြစ်စေတဲ့ သွေးအားနည်းခြင်းနဲ့ သိုင်းရွိုက်ရောဂါတွေကလည်း ဒီရောဂါရှိသူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီရောဂါလို့သတ်မှတ်နိုင်တဲ့လက္ခဏာတွေကတော့ မနက်ပိုင်းတွင် အဆစ်များ 1 နာရီကျော်ခန့်တောင့်တင်းခြင်း၊ အနည်းဆုံး အဆစ် 3 ခုခန့်ရောင်ရမ်းခြင်း၊ လက်ကောက်ဝတ်၊ လက်ဆစ်များရောင်ရမ်းခြင်းနှင့်အတူ ခန္ဓာကိုယ်အခြားဖက်မှ အဆစ်များလိုက်ရောင်ခြင်း၊ အလုံးအကြိတ်များတွေ့ခြင်း၊ ဓာတ်မှန်ရိုက်ကြည့်လျှင် အရိုးတိုက်စားမှုများတွေ့ရခြင်းတို့ဖြစ်ကြပါတယ်။

6. နာတာရှည်ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်း

ပုံမှန်နေ့စဉ်အလုပ်တွေလုပ်ရင်တောင်မောပန်းပြီး နည်းနည်းလေးလှုပ်လိုက်တာနဲ့ အားအင်ကုန်ခမ်းသွားလေ့ရှိပါတယ်။ အခြားလက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်များနာကျင်ကိုက်ခဲခြင်း၊ အားနည်းခြင်း၊ အကြိတ်များနာခြင်း၊ အာရုံမစိုက်နိုင်ခြင်းတို့ဖြစ်ပြီး ဒီရောဂါဖြစ်စေတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။

7. အိပ်ပျော်နေစဉ်အသက်ရှူရပ်သွားခြင်း

အဖြစ်အများဆုံးကတော့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ စက္ကန့်အနည်းငယ်ကြာအောင် ပြားချပ် သွားတာ၊ ပိတ်သွားတဲ့အခါ ဦးနှောက်က နှိုးလိုက်ပြီးတော့ထပြီးအသက်ရှူစေပါတယ်။ ဒီရောဂါခံစားနေရတဲ့သူတွေမှာ တစ်ညကို အကြိမ် ဒါဇင်ပေါင်းများစွာမှ ရာပေါင်းများစွာအထိ အသက်ရှူရပ်သွားလေ့ရှိပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ညဘက်အိပ်ရင်ဟောက်တတ်ပြီး နောက်နေ့နိုး လာချိန်မှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အိပ်ပျော်နေစဉ်အသက်ရှူရပ်သွားတဲ့ရောဂါ က နှလုံးရောဂါ၊ သွေးတိုးနဲ့ လေဖြတ်ခြင်း စတာတွေကို ဖြစ်စေနိုင်တဲ့အတွက် စမ်းသပ်ပြီးကုသမှုခံယူဖို့အရေးကြီးပါတယ်။

သတင်းအရင်းမြစ် Dr. Mya Myo Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။