ခြေဖဝါးတွေက လူတိုင်းအတွက် အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့်နေ့စဉ်နဲ့အမျှ အလုပ်သွားအလုပ်ပြန်လုပ်နေရသူတွေအတွက် အထူးသဖြင့် ရုံးထိုင်မဟုတ်ပဲ သွားလာလှုပ်ရှားသူတွွေအတွက် ပိုသတိပြုရပါမယ်။

ခြေဖဝါးတွေက အလုပ်အရမ်းလုပ်ရတဲ့အတွက် တစ်ခါတစ်လေမှာ ချွေးတွေစိုပြီး နံစော်နေတတ်ပါတယ်။

ခြေဖဝါးတွေ နံစော်ရတဲ့အကြောင်းအရင်းတစ်ခုကတော့ ဘက်တီးရီးယားပိုးတွေကြောင့်ပါ။ ဘက်တီးရီးယားပိုးတွေက ခြေထောက်မှာကပ်တွယ်နေပြီး ချွေးစိိုနေတဲ့ရှူးဖိနပ်ထဲလို စိုစွတ်ပြီးမှောင်တဲ့နေရာတွေကို နှစ်သက်ကြပါတယ်။ ချွေးထဲမှာ ပိုးတွေပွားလာပြီး ခြေအိတ်မစွပ်ဘဲ ဖိနပ်စီးလိုက်တဲ့အခါ ခြေဖ​ဝါးကိုရောက်လာပါတယ်။ ဒီပိုးတွေက ခြေဖဝါးမှာရှိတဲ့ အရေပြားဆဲလ် အသေတွေနဲ့ ခြေဆီတွေကိုစားသုံးပြီးရှင်သန်ကြပါတယ်။ ဘက်တီးရီးယားပိုးတွေ တဖြည်းဖြည်းကြီးထွားလာပြီး အနံ့နံတဲ့ organic acid တွေကို အညစ်အကြေးအဖြစ်စွန့်ထုတ်လိုက်ပါတယ်။

10% - 50% လောက်သောသူတွေဟာ ခြေဖဝါးချွေးထွက်လွန်တဲ့အတွက် Kyetococcus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ တွယ်ကပ်နေထိုင်ကြပါတယ်။ ဒီပိုးတွေက အနံ့ပြင်းတဲ့ ဆာလ်ဖာဒြပ်ပေါင်းတွေကို ထုတ်လွှတ်တဲ့အတွက် ခြေထောက်ဟာ ပုပ်စော်နံဟောင်လာပါတယ်။ ဆာလ်ဖာဒြပ်ပေါင်းကတော့ ကြက်ဥပုပ်နံလိုပဲ အနံဆိုးရွားပြင်းထန်ပါတယ်။

နံနေတဲ့ ခြေထောက်တွေအတွက် ဘာလုပ်ကြမလဲ?

ပုံမှန်တော့ ခြေထောက်နံတာက စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ဒီအနံကြောင့် မိမိသာမက အခြားသူတွေကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တော့ အသုံးဝင်မယ့် အချက်လေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

1. သန့်ရှင်းစွာထားပါ။

ခြေထောက်ကိုနေ့စဉ်ဆေးကြောပါ။ ဒီအတိုင်းရေလောင်းဆေးတာထက်စာရင် ရေပုံးထဲမှာနှစ်ပြီး ပွတ်တိုက်ဆေးကြောပါ။

2. မှန်ကန်တဲ့ခြေအိတ်စွပ်ပါ။

အားကစားသမားတွေအတွက်ထုတ်ထားတဲ့ ချည်သား၊ သိုးမွှေးနဲ့ အချို့သောခြေအိတ်တွေ က ချွေးစုပ်နိုင်ပြီး လေဝင်လေထွက်ကောင်းပါတယ်။ နေ့တိုင်းသန့်ရှင်း တဲ့ခြေအိတ်လဲဝတ်ပါ။ ခြေအိတ် စိုရင်လည်း အသစ်လဲဝတ်ပါ။

3. ရှူးဖိနပ်ကို အရမ်းကျပ်ကျပ်မစီးပါနဲ့။

ဖိနပ်အရမ်းကြပ်လွန်းရင် ပုံမှန်ထက် ချွေးပိုထွက်စေပါတယ်။

4. ရှူးဖိနပ်များကို လဲလှယ်စီးပါ။

ရှူးဖိနပ်တစ်ရံတည်းကိုပဲ နေ့တိုင်းစီးရင်ညစ်ပတ်ပြီး အနံ့ထွက်လာပါလိမ့်မယ်။ ရက်အတော်ကြာနေလှန်းပြီးမှ ပြန်စီးပါ။

5. ဘက်တီးရီးယားပိုးတွေ တွယ်ကပ်မနေအောင် ပိုးသတ်ပါ။

ရှူးဖိနပ်ထဲကို ပိုးသတ်ဆေးဖြန်းပါ။ နေလှန်းပါ။ ခြေထောက်ကို ပိုးသတ်ဆပ်ပြာနဲ့တိုက်ဆေးပါ။

6. ရှူးဖိနပ်ကို တိုက်ချွတ်ဆေးကြောပါ။

ရှူးဖိနပ်များကို လျှော်ဖွတ်ဆေးကြောခြင်းဖြင့် အနံ့အသက်ကင်းဝေးပြီး သန့်ရှင်းစေ ပါတယ်။ သေသေချာချာခြောက်မှ ပြန်စီးပါ။

7. ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ရှူးဖိနပ်တွေလုံးဝမစီးပါနဲ့။

ပလတ်စတစ်နဲ့ အချို့သောအရာတွေက လေဝင်လေထွက်မကောင်းပါဘူး။

8. ခြေဗလာနဲ့နေပါ။

ခြေထောက်တွေကို လေနဲ့ထိတွေ့ပါစေ (အထူးသဖြင့် ညဘက်တွင်) ဒါပေမယ့် အပြင်ထွက်ရင်တော့ ခြေဗလာနဲ့ မသွားပါနဲ့။ ပိုးမွှားတွေကပ်ပါလာနိုင်ပါတယ်။

9. ရှူးဖိနပ်နဲ့ခြေအိတ်တွေကို အခြားသူနဲ့ မျှဝေသုံးစွခြင်းမပြုပါနဲ့။

တခြားသူဆီက ပိုးမွှားတွေ ကူးစက်နိုင်ပါတယ်။

ဒီအချက်တွေနဲ့မှ ခြေထောက်အနံ့မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားတဲ့အတိုင်းလိုက်နာပါ။

ခြေထောက်နံတတ်သူတွေအတွက် အကောင်းဆုံးကတော့ အပြင်ထွက်မှပဲ ရှူးဖိနပ်ကိုစီးပါ။ အိမ်မှာ ခြေထောက်ကို သန့်ရှင်းစွာထားပြီး ခြေဗလာနဲ့ပဲနေပါ။

သတင်းအရင်းမြစ် Dr. Mya Myo Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။