ဒါဟာ လူတိုင်းလိုချင် မျှော်လင့်တဲ့ အချက်တစ်ခုပါပဲ။

လူအများစုက (၁၀)တန်းဆိုတဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ဖို့ ကြိုးစားခဲ့ရတယ်။ ပြီးတော့ တက္ကသိုလ်တက်၊ ဘွဲ့ရဖို့လည်း ကြိုးစားရပြန်ရော… ဒီလို ကြိုးစားပြီးတာတောင် ဘွဲ့လည်းရရော လစာ ၁သိန်းခွဲလောက် ရဖို့အတွက်ကို အလုပ်ရှားပါးနေကြပြန်ရော ….. ဒါဟာ အခုမှ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၃/၄နှစ်လောက်ကတည်းက ဖြစ်နေတာဆိုတော့ သိပ်ကို မဆန်းကြယ်တော့ဘူးလို့တောင်မှ ပြောလို့ရပါတယ် … အဲ့ဒါကြောင့် တစ်ချို့ဆို လစာ ၁သိန်းဝန်းကျင်နဲ့တောင် ရပ်တည်နေရတာမျိုးတွေ အများကြီး ရှိပါတယ် ….. ဒီလိုမဖြစ်ရလေအောင် ဘယ်အချက်တွေ အဓိကထား လုပ်ဆောင်သင့်လဲဆိုတာကို အနည်းငယ် ဝေမျှချင်ပါတယ်

၁) ဘွဲ့ရတဲ့အချိန်မှာ ကိုယ့်မှာ လုပ်ငန်းအတွေ့အကြုံ ဘယ်လောက်ရှိနေပြီလဲ ?

ဒီမေးခွန်းကြောင့် တွေဝေသွားနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ် အလုပ်ခေါ်စာတွေမှာ အသက် - ၂၀ ၊ ဘွဲ့ရ၊ လုပ်ငန်းအတွေ့အကြုံ (၁)နှစ် / (၂)နှစ် စသည်ဖြင့် မြင်ဖူးကြပါမှာပါ။ ဒီလိုမဟုတ်ရင်တောင် အသက် ၂၀၊ ဘွဲ့ရပြီး လုပ်ငန်းအတွေ့ကြုံရှိသူနဲ့ မရှိသူဆို သူဌေးတိုင််းက လစာပေးရတာချင်း အတူတူ အတွေ့အကြုံ ရှိသူကိုပဲ ဦးစားပေး စဉ်းစားကြမှာပါ။ “အလုပ်မှန်သမျှ ဂုဏ်ရှိစွ” တဲ့။ ဒါ့ကြောင့် ဘွဲ့မရခင် အလုပ်လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ Part Time အလုပ်ပဲ ဖြစ်ဖြစ်ပေါ့ ။

၂) သူများတွေ ဘွဲ့လက်မှတ် တစ်ခုရတဲ့ အချိန်မှာ ကိုယ်က လက်မှတ် ဘယ်နှစ်ခု ရပြီလဲ ?

ဒါကတော့ သိပ်ကို ရိုးရှင်းပါတယ်။ သူများတွေ တစ်ခုရတဲ့အချိန်မှာ ကိုယ်က တစ်ခုထက်မက ရထားရင် သူတို့တွေထက် အခွင့်အရေးပိုများတယ်ဆိုတာ ဧကန်မလွဲပါဘဲ။ ဒါ့ကြောင့် ကိုယ်သာ နောက်ထပ် ဘွဲ့တစ်ခုခု ၊ ဒါမှမဟုတ် အခြားသော အသက်မွေးဝမ်းကြောင်းတစ်ခုခု/ တစ်ခုထက်မက သင်ယူ တတ်မြောက်ထားမယ်ဆို အခွင့်အရေးဆိုတာ ကိုယ်က ရွေးချယ်နေရမှာပါ။

၃) ဘာသာစကားကျွမ်းကျင်မှု ဘယ်လောက်ရှိလဲ ?

မိခင်ဘာသာစကားဖြစ်တဲ့ မြန်မာလိုက လွဲပြီး ကျန်တာတွေကို လုုံးဝ မကျွမ်းကျင်ပါဘူး ဆိုရင်တော့ အခက်တွေ့နိုင်ပါတယ်။ အနည်းဆုံးတော့ နိုင်ငံတကားသုံး ဘာသာစကားဖြစ်တဲ့ English Language Skill ကိုတော့ ကျွမ်းကျင်ထားသင့်ပါတယ်။ လုပ်ငန်းခွင်မှာ အင်္ဂလိပ်လို မတောက်တခေါက်လောက် တတ်ရင်တောင် လစာနဲ့ အနေအထားလေးတွေက ကွာတယ်ဆိုတာကို သတိထားသင့်ပါတယ်။

၄) တာဝန်ယူမှ ရှိရဲ့လား ?

မိမိအလုပ်/တာဝန်၊ မိမိပြုမှုလိုက်တဲ့ အပြုအမူ ဒါတွေအပေါ် မည်မျှ တာဝန်ယူနိုင်စွမ်း ရှိသလဲ ဆိုတာ အင်မတန်မှ အရေးကြီးတဲ့ အချက် တစ်ချက်ပဲ ဖြစ်ပါတယ်။ ကိုယ်လုပ်ဆောင်ရမဲ့ ဖြစ်ဖြစ်၊ ကိုယ်လုပ်ဆောင်သင့်တဲ့ အလုပ်အပေါ်မှာဖြစ်ဖြစ် တာဝန်ယူစိတ်ရှိတယ်ဆိုရင် အင်မတန်ကိုမှ ဂုဏ်ယူစရာကောင်းပါတယ်။ သင်သာ တာဝန်ယူစိတ်ရှိတဲ့ သူသာဆို သင် ဘယ်နေရာရောက်ရောက် ဂုဏ်သတင်းက မွှေးနေမှာပါ။

၅) လူမှုဆက်ဆံရေး ပြေပြစ်ရဲ့လား ?

အထက်ပါ မေးခွန်းအားလုံးအတွက် အဖြေကောင်းရှိတယ်ဆိုရင်တောင်မှ ဒီအချက်ကိုလည်း ကောင်းကောင်းကြီး ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ သင်က လုပ်ငန်းခွင်မှာ သိပ်တော်ပြီး ကျွမ်းကျင်နေတယ်ဆိုရင်တောင်မှ လူမှုဆက်ဆံရေး မပြေပြစ်ဘူးဆိုရင် သင့်ကြောင့် သူဌေးက အမြဲတမ်း ခေါင်းကိုက်နေရမှာပါ။ သင့်နေရာမှာ သင့်ထက် လူမှုဆက်ဆံရေးကောင်းသူသာ ရှိမယ်ဆိုရင် ချက်ချင်းအစားထိုးမိမှာ အသေအချာပါပဲ။

ဒါတွေကို သိထားခြင်းအားဖြင့် လုပ်ငန်းခွင်မှာရော၊ အနာဂတ်မှာပါ အသုံးတည်မယ်လို့ ယုံကြည်ပါတယ်။ အဓိကအားဖြင့် ကြိုးစားခြင်းဆိုတဲ့ အရာက အသက်အရွယ်၊ ရာထူး၊ လက်ရှိအခြေအနေ … စသည် စသည်ဖြင့် အရာအားလုံးနဲ့ မသက်ဆိုင်ပါဘူး။ ရပ်တန့် မနေဖို့ပဲ လိုတာပါ …..

အားလုံးပဲ အစဉ်မပြတ်ကြိုးစားရင်း အောင်မြင်မှုများ ရနိုင်ကြပါစေ ….

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။