မံမီဆိုတာကတော့ ကျွန်တော်တို့ ရုပ်ရှင်ပရိသတ်တွေနှင့်မစိမ်းသလို လူတိုင်းနှင့်ရင်းနှီးတဲ့စကားလုံးတစ်ခုပါ။ မံမီဆိုတာက ရှေးခေတ်အီဂျစ်ပြည်မှာ လူတွေသေဆုံးပါက လူ့အလောင်းကိုမပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး ပတ်တီးတွေပတ်ထားတဲ့အလောင်းကိုဆိုလိုတာပါ။ အီဂျစ်တွေရဲ့ အယူအရ တစ်ချိန်မှာ သေဆုံးသူဟာအသက်ပြန်ရှင်လာမယ်လို့ ယုံကြည်ကာ အလောင်းကိုဆေးရည်စိမ်ကြတာပါ။ ယခု The Mummy ရုပ်ရှင်ကားကတော့ မကောင်းဆိုးဝါးမံမီအကြောင်းကို ရိုက်ပြထားတာပါ။ သရုပ်ဆောင်တွေအနေနှင့် နာမည်ကျော်မင်းသား၂လက်ဖြစ်တဲ့ တွမ်ခရုစ်နှင့်ရုဆယ်ခရိုးတို့လို ဒိတ်ဒိတ်ကြဲတွေပါဝင်သရုပ်ဆောင်အားဖြည့်ထားပါတယ်။  

Spoilers Warning

ဇာတ်လမ်းအကျဉ်း

ယခုလက်ရှိမျက်မှောက်ကာလမှာ လန်ဒန်မြို့၏မြေအောက်တစ်နေရာမှာ မြေအောက်လမ်းတူးဖော်ရေးအဖွဲကတစ်ဖွဲ့က ရှေးခေတ်ကအင်္ဂလန်ခရူးဆိတ်ဒါသူရဲကောင်းတွေရဲ့အုတ်ဂူတွေကိုတွေ့ရှိပြီး Dr.Jekyll နှင့်သူ့လူ့တွေက အုတ်ဂူတွေကိုစမ်းသပ်ရှာဖွေကြပါတယ်။ အီရတ်မှာတော့ အမေရိကန်စစ်တပ်ကအရာရှိတစ်ဦးဖြစ်တဲ့ Nick နှင့်သူ့သူငယ်ချင်း ခရစ်တို့က ရတနာမြေပုံလို့ထင်ရတဲ့မြေပုံကိုလက်ကိုင်ပြီး ရတနာတွေရှိတယ်လို့ထင်ရတဲ့နေရာမှာ အကြမ်းဖက်သူပုန်တွေနဲ့စစ်ဖြစ်ကာ မတော်တဆရှေးခေတ်ကမံမီဂူတစ်ခုကိုတွေ့ရှိသွားပါတယ်။ အစောင့်အရှောက်အစီအမံတွေနဲ့သေချာကာကွယ်ထားတဲ့ ဂူထဲကအခေါင်းကို Nick တစ်ယောက်လွှတ်ပေးခဲ့ပြီးနောက်မှတော့……

ယခု The Mummy ရုပ်ရှင်ကားက ၁၉၉၉က ထွက်ခဲ့တဲ့ The Mummy ကားကို Reboot ရိုက်ထားတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေနှင့် ပရိသတ်တွေကတော့ ယခင်မူလ ၁၉၉၉The Mummy ကားလောက်အရသာမတွေ့ခဲ့ကြပါဘူး။ ဒါ့အပြင် ယခု The Mummy ကားက Universal Studio ကရိုက်ကူးမယ့် Dark Universe ရုပ်ရှင်ကားတွေရဲ့ အစပထမဗွေဆော်ဦးကားလဲဖြစ်ပါတယ်။ဒေါ်လာ၁၂၅သန်းထိကုန်ကျခံရိုက်ကူးထားသလို နာမည်ကျော်မင်းသားတွေဖြစ်တဲ့ တွမ်ခရုစ်နှင့်ရုဆယ်ခရိုးတို့လို မင်းသားတွေပါဝင်ပေမယ့်လည်း မရှိရှိတဲ့ဇာတ်လမ်းကိုဖျစ်ညစ်ရိုက်ပြထားသလိုဖြစ်နေတဲ့ The Mummy ကားအနေနှင့် လောဆယ် ကမ္ဘာအနှံ့ ဝင်ငွေသန်း၃ရာလောက်သာရရှိထားပါတယ်။ The Mummy ကားက ဇာတ်လမ်းကညံ့သလို ဇာတ်ညွန်းတွေကမကောင်းပေမယ့်လည်း မင်းသားကြီးတွေရဲ့သရုပ်ဆောင်ကောင်းမှုနှင့် တစ်ချက်တစ်ချက်ဟာသခန်းလေးတွေက သင့်ကိုအပန်းဖြေစေနိုင်မှာပါ။

Ratings

IGN - 5.8/10

Rotten Tomatoes - 15%

Metacritic - 34%

Myanmarload - 3/5

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။