ကျန်းမာခြင်းသည် လာဘတ်တစ်ပါး ဆိုတဲ့အတိုင်း ဘာရောဂါပဲဖြစ်ဖြစ် ခန္ဓာကိုယ်ထဲမှာဖြစ်နေပြီဆိုရင် အလုပ်ပျက်အကိုင်ပျက် နဲ့ လူမှုရေး စီးပွားရေး အစစအရာရာ ကိုပါ ထိခိုက်နစ်နာစေပါတယ်။ ကင်ဆာရောဂါကတော့ ကမ္ဘာတစ်ဝှမ်းမှာ ကြောက်စရာအကောင်းဆုံးရောဂါတစ်ခုအဖြစ် သတ်မှတ်ထားကြသလို ပျောက်ကင်းဖို့ခက်ခဲတဲ့ရောဂါပါ။ ဒ့ါကြောင့် မိမိမှာ ကင်ဆာရောဂါလက္ခဏာရပ်တွေရှိနေမလား ဆိုတာ ဒီအချက်တွေနဲ့ တိုက်ကြည့်ပါနေ်ာ။

1. အဖု၊ အကြိတ်၊ အလုံးများ

ထူးထူးဆန်းဆန်းအဖုတွေအကြိတ်တွေထွက်လာပြီဆိုရင် ဆရာဝန်နဲ့ပြသပြီးစစ်ဆေးကြည့်တာက စိတ်အချရဆုံးပါ။

2. ချောင်းဆိုးခြင်း၊ အသံသြခြင်း

အအေးမိ၊ တုပ်ကွေးဖြစ်တယ်ဆိုရင်တော့ ချောင်းဆိုးလေ့ရှိကြပါတယ်။ ဒါပေမယ့် ချောင်းဆိုးတာကြာရှည်နေမယ်ဆိုရင်တော့ လေပြွန်၊ အဆုတ်၊ သိုင်းရွိုက်ကင်ဆာ၊ သွေးကြိတ်ကင်ဆာ စတဲ့ရောဂါတွေရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။ အအေးမိချောင်းဆိုးရုံံနဲ့ ဆရာဝန်ဆီသွားရမယ်လို့မဆိုလိုပါဘူး။ ချောင်းဆိုးတာရက်ကြာလာမယ် (သို့) ပုံမှန်မဟုတ်တဲ့လက္ခဏာတွေတွေ့ရမယ်ဆိုရင်တော့ ဆရာဝန်သွားပြရပါမယ်။

3. ဝမ်းသွားတဲ့အလေ့အထပြောင်းလဲသွားခြင်း၊ ပုံမှန်မဟုတ်ခြင်း

ဝမ်းသွားချိန်နဲ့ ဝမ်းပမာဏ ပုံမှန်မဟုတ်ဘဲပြောင်းလဲသွားတာမျိုးကို ဆိုလိုတာပါ။ အများအားဖြင့် အချို့သောအစားအစာတွေ၊ ဆေးတွေကြောင့် ဝမ်းပျက်တာ၊ ဝမ်းချုပ်တာ စသည်ဖြင့် ပုံမမှန်တာတွေဖြစ်လေ့ရှိပေမယ့် ဒီလိုဖြစ်တာက နာတာရှည်ဖြစ်လာရင်တော့ အူမကြီးကင်ဆာလက္ခဏာဖြစ်နိုင်ပါတယ်။

4. ဆီးလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများ

အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်လွယ်တဲ့အတွက် ဆီးပူ၊ ဆီးကျင်ခြင်း၊ ဆီးမကြာခဏသွားချင်ခြင်း စတဲ့ဆီးလမ်းကြောင်းဆိုင်ရာလက္ခဏာတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါပေမယ့် အမျိုးသားမှာပဲဖြစ်ဖြစ်၊ အမျိုးသမီးမှာပဲဖြစ်ဖြစ် ဆီးထဲမှာသွေးပါတာ၊ ဆီးသွားချင်ရင်လုံးဝမထိန်းနိုင်တာ၊ ဆီးသွားရင်ကျင်တာ စတဲ့လက္ခဏာတွေတွေ့ကြုံရရင် ဆီးအိမ်၊ ကျောက်ကပ်၊ ဆီးကျိတ်ကင်ဆာတွေဟုတ်/မဟုတ်ဆိုတာကို ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူရပါမယ်။

5. အကြောင်းအရင်းမရှိနာကျင်ကိုက်ခဲခြင်း

ခန္ဓာကိုယ်တစ်နေရာရာက အမြဲနာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ကင်ဆာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

6. နာတာရှည်လည်ချောင်းနာခြင်း

အအေးမိရင်လည်ချောင်းနာတတ်ပေမယ့် နာတာရှည်ဖြစ်လာရင်တော့ လေပြွန် (သို့) လည်ချောင်းကင်ဆာဖြစ်တတ်ပါတယ်။

7. အကြောင်းအရင်းမရှိ ပိန်သွားခြင်း

အမေရိကန်ကင်ဆာအဖွဲ့ရဲ့အဆိုအရ အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် 10 ပေါင်နှင့်အထက်ကျသွားခြင်းက ကင်ဆာရဲ့ ရှေးဦးလက္ခဏာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီလက္ခဏာကတော့ မုန့်ချိုအိတ်၊ အစာအိမ်၊ အဆုတ်၊ အစာပြွန်ကင်ဆာတွေမှာ အဖြစ်များပါတယ်။

8. အစာမျိုရခက်ခြင်း

လည်ချောင်းကျဉ်းသွားပြီး အစာမျိုချရခက်ခဲခြင်းက အာရုံကြော (သို့)ခုခံအားဆိုင်ရာရောဂါတစ်မျိုးမျိုးရဲ့လက္ခဏာဖြစ်နိုင်သလို အစာပြွန်၊ အစာအိမ်နဲ့လည်ချောင်းကင်ဆာတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။

9. သွေးထွက်ခြင်း

ချောင်းဆိုးသွေးပါခြင်းက အဆုတ်ကင်ဆာ၊ ဝမ်းသွားလျှင်သွေးပါခြင်းက အူမကြီးကင်ဆာ၊ နို့သီးခေါင်းကနေ သွေးထွက်ရင် ရင်သားကင်ဆာ၊ ဆီးထဲမှာသွေးပါရင် ဆီးအိမ် (သို့) ကျောက်ကပ်ကင်ဆာ စသည်ဖြင့် ကင်ဆာအမျိုးမျိုးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အကြောင်းအရင်းမရှိဘဲ သွေးဆင်းနေတယ်ဆိုရင် သားအိမ်ခေါင်းနဲ့ သားအိမ်ကင်ဆာရှိ/မရှိစစ်ဆေးကြည့်ရပါမယ်။

10. မှဲ့အရွယ်အစားပြောင်းလဲလာခြင်း

အရေပြားမှာ နဂိုတည်းကရှိနေတဲ့မှဲ့မှာ အပြောင်းအလဲတစ်ခုခုရှိတယ်ဆိုရင် အရေပြားကင်ဆာရဲ့အစောပိုင်းလက္ခဏာဖြစ်နိုင်ပြီး ကုသလို့ရသေးတဲ့အတွက် ဆရာဝန်နဲ့သေချာသွားပြပြီး စစ်ဆေးမှုခံယူရပါမယ်။

သတင်းအရင်းမြစ် Dr. Mya Myo Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။