ယနေ့ခေတ်တွင် လူတိုင်းနီးပါး ဖုန်း အသုံးပြုနိုင်ကြပါတယ်။ ထို့ကြောင့် ကောင်းကျိုးများလည်း ရှိသလို ဆိုးကျိုးများစွာလည်း ရှိပါတယ်။ လူတိုင်းနီးပါး အသုံးပြုများတာကြောင့် ကောင်းကျိုးများကို သိနှင့်ပြီး ဖြစ်မှာမယ်လို့ ယုံကြည်ပါတယ်။ ယခုအခါ သတိပြု ဆင်ခြင်နိုင်ရန်အတွက် ဖုန်း အသုံးများခြင်း၏ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။

၁) ငွေကြေးအကုန်အကျ များခြင်း

သိပ်ကို ရိုးရှင်းလွန်းတဲ့ အချက်တစ်ခုပါ။ ဖုန်းဘေလ်အတွက်ပဲဖြစ်ဖြစ်၊ Handset အတွက်ပဲဖြစ်ဖြစ် ငွေကြေးအကုန်အကျ များလွန်းပါတယ်။ အထူးသဖြင့် ဖုန်းဘေလ်အတွက်ဆိုရင် အခုခေတ်လူငယ် တော်တော်များများက မနှမြောဘဲ အသုံးပြုနေကြပါတယ်။ အကန့်အသတ်တစ်ခုထားပြီး အသုံးပြုမယ်ဆိုရင် သင့်အတွက် ပိုထွက်လာတဲ့ ဒီငွေကြောင့် တခြားအကျိုးရှိတာ သုံးနိုင်မှာပါ။

၂) လုပ်ငန်းခွင်ကို ထိခိုက်စေခြင်း

တစ်ချို့အလုပ်တွေမှာဆို လုပ်ငန်းချိန်အတွင်း ဖုန်းမသုံးရဆိုတဲ့ စည်းကမ်းတွေတောင် ထုတ်ပြန်လာတာကို တွေ့ရမှာပါ။ လုပ်ငန်းခွင်မှာ ဖုန်းသုံးခြင်းက သင့်ကို အထက်လူကြီးက အထင်သေးစေပြီး သင့်ရဲ့ လုပ်ငန်းကိုလည်း ထိခိုက်စေပါတယ်။

၃) ကျန်းမာရေးထိခိုက်စေခြင်း

အရင်တုန်းကဆို ဂိမ်းဆော့ရင်တောင် တီဗီ၊ ကွန်ပျူတာ စသည်ဖြင့် ဆော့ကြပေမဲ့ ယနေ့ခေတ်မှာတော့ ဖုန်းကတော့ “All in one” ပါပဲ။ ဒါ့ကြောင့် ဖုန်းအသုံးများလွန်းရင် ညအိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနှင့် အခြားဝေဒနာများလည်း ခံစားရနိုင်ပါတယ်။ သင်သာ ဒီလိုဝေဒနာတွေ ခံစားနေရပြီဆို ဖုန်းအသုံးပြုခြင်းကို လျှော့ပစ်ဖို့ တိုက်တွန်းချင်ပါတယ်။

၄) လူမှုဆက်ဆံရေး ညံ့ဖျင်းလာခြင်း

ကိုယ်တိုင်လည်း ဖြစ်ဖူးမှာပါ။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန်၊ မိတ်ဆုံ စားပွဲအချိန်၊ မိသားစုနဲ့ အတူနေတဲ့အချိန်၊ meeting စသည်ဖြင့် အရေးကြီးတဲ့ လူမှုဆက်ဆံရေးတွေမှာ ဖုန်းသုံးနေတာကြောင့် ပတ်ဝန်းကျင်ကတောင် ကိုယ့်ကို ဖုန်းသုံးတာ ရပ်ဖို့ သတိပေးလာရပြီဆိုရင်တော့ သင် တကယ့်ကို ဆင်ခြင်သင့်ပါပြီ။ တန်ဖိုးရှိတဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ ဖုန်းအသုံးပြုခြင်းကို မလဲလိုက်ပါနဲ့။

၅) အချိန်ကုန်ဆုံးစေခြင်း

ဖုန်းထဲကို အာရုံရောက်နေတာကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို လွယ်ကူစွာ ကုန်ဆုံးစေပါတယ်။ ဖုန်း အသုံးပြုခြင်းကိုသာ လျှော့ချလိုက်မယ်ဆို သင့်ရဲ့ အချိန်တွေမှာ အခြားသော အကျိုးများတဲ့ ဘာသာရပ်တွေ၊ ဗဟုသုတတွေကို လေ့လာနိုင်မှာပါ။

၆) အထီးကျန်မှု ခံစားရစေခြင်း

ကိုယ်က ဖုန်းအသုံးပြုနေတာကြောင့် ပတ်ဝန်းကျင်ဖြစ်ဖြစ်၊ မိသားစုကဖြစ်ဖြစ် ကိုယ့်ကို စကားမပြောတာမျိုး၊ အပြင်သွားလာဖို့ မခေါ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ သင်နဲ့ ဖုန်းက သက်သက်၊ ပတ်ဝန်းကျင်က သက်သက် ဖြစ်လာပြီး သင် အထီးကျန်မှုကို ခံစားရလာနိုင်ပါတယ်။

၇) အတုယူ မှားစေခြင်း

အခုခေတ် လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးချင်ကြတာကြောင့် လုပ်သင့်တာ / မလုပ်သင့်တာကို မစဉ်းစားတော့ပဲ အတုယူ မှားလာကြပါတယ်။ အားမကျသင့်တဲ့သူကို အားကျမိတာကြောင့် နောက်ဆုံးတော့ ထိခိုက်တာ ကိုယ်ပဲ ဖြစ်ပါလိမ့်မယ်။ လူကြီးတွေဆုံးမမှုကို မှန်ကန်တယ် မထင်တော့ဘဲ လူမှုကွန်ယက်က ဖြစ်ပျက်မှုကို အမှန်ထင်လာရင် သင် မှားနေပြီလို့ တွေးသင့်ပါတယ်။

၈) ယဉ်ကျေးမှုကို ထိခိုက်စေခြင်း

အခုခေတ် လူမှုကွန်ယက်ပေါ်မှာ သုံးနေတဲ့ စကားလုံး အသုံးအနှုန်းတွေ၊ အပြုအမူတွေကြောင့် မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်စေပါတယ်။ မိန်းကလေးတွေရဲ့ အိန္ဒြေ၊ သိက္ခာကိုလည်း ထိခိုက်နိုင်တာကြောင့် တချို့ စကား အသုံးအနှုန်းတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။