အခုခေတ် Facebook မှာရော၊ လူမှုကွန်ယက်မှာပါ အပြောများနေတာကတော့ နန်းဆန်တယ် ဆိုတာပါပဲ။ မိန်းကလေးတစ်ယောက် မြန်မာဆန်ဆန် လှနေကြတာမျိုးကို နန်းဆန်တယ်လို့ အများစုုက ခေါ်ကြပါတယ်။ ကောင်လေးအများစုကလည်း မိ်န်းကလေးတစ်ယောက် နန်းဆန်ရင် သဘောကျတတ်ကြတယ်။ မိန်းကလေးတွေ အနေနဲ့ကလည်း နန်းဆန်ရတာကို သဘောကျပါတယ်။ ဒါပေမဲ့ သူတို့ (မိန်းကလေး) တွေ အတွက် နန်းဆန်ဖို့ အခက်အခဲ တစ်ချို့ ရှိကြပါတယ်။ ဒီအချက်လေးတွေကိုတော့ မိန်းကလေး အများစုက နားလည်ပြီးသား ဖြစ်မှာပါ။ ဒါ့ကြောင့် ကောင်လေးတွေကလည်း မိန်းကလေးတွေ နန်းမဆန်ဖြစ်ခဲ့ရင် နားလည်ပေးနိုင်ဖို့ ဒီအချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁) ဆံပင်အရှည်ထားရတဲ့ အခက်အခဲ

ဆံပင်အရှည်ဆိုတာ ကြည့်ရတဲ့ သူ အနေနဲ့ ကြည့်ကောင်းပေမဲ့ ထားရတဲ့သူ အနေနဲ့ကတော့ အခက်အခဲအများကြီး ရှိပါတယ်။ ခေါင်းလျှော်ရတာ အဆင်မပြေဘူး။ ဆံပင်ခြောက်ဖို့လည်း အချိန်ပေးရတယ်။ ဆံပင်အရှည်က ငြိလွယ်တာမို့ ခဏ ခဏ ပြသနာတက်တယ်။ ဆိုင်မှာ သွားလျှော်ရင်တောင် ဆံပင်ရှည်လို့ ပုုံမှန်စျေးထက် နှစ်ဆ ပေးရတယ်။ နွေရာသီမှာရော၊ မိုးရာသီမှာပါ ဆံပင်အရှည်က အခက်အခဲ ရှိတယ်။

၂) မြန်မာဝမ်းဆက်တွေ စျေးကြီးတဲ့ အခက်အခဲ

မြန်မာဝမ်းဆက်တစ်စုံက သာမာန် brand ဂျင်းဘောင်းဘီ တစ်ထည်ထက် စျေးကြီးပါတယ်။ မြန်မာဝမ်းဆက်ကတော့ နှစ်ခါ၊ သုံးခါ လျှော်လိုက်ရုံနဲ့ ဟောင်းသွားပေမဲ့ ဂျင်းဘောင်းဘီကတော့ နှစ်ရှည်လများ ဝတ်လို့ ရပါတယ်။ မချုပ်ရသေးတဲ့ ပိတ်စဆိုလည်း သာမာန် brand အကျင်္ ီတစ်ထည်စာလောက် တန်ဖိုးရှိပါတယ်။ ဒါ့ကြောင့် မြန်မာဝမ်းဆက်ဝယ်ဖို့ မိန်းကလေး အများစုက စဉ်းစားကြပါတယ်။

၃) ချုပ်ဝတ်ရတဲ့ အခက်အခဲ

အခုခေတ်မှာ မိန်းကလေး အများစု ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြသနာပါ။ ချုပ်ခတွေကလည်း စျေးကြီးတဲ့ အပြင်၊ ကိုယ်ချုပ်တဲ့ ဒီဇိုင်းအတိုင်း မရတာမျိုးလည်း ဖြစ်နေပါတယ်။ ဒါ့အပြင် ချုပ်ထားတဲ့ အဝတ်အစားကို ကိုယ်လိုချင်တဲ့ မရတာ၊ အချိန်အတော်ကြာတာမျိုးတွေလည်း ရှိတာမို့ အဝတ်အစားကို ချုပ်ဝတ်ဖို့ မိန်းကလေး အများစု ခေါင်းစားရပါတယ်။

၄) လွတ်လပ်မှု နည်းတဲ့ အခက်အခဲ

မြန်မာဝမ်းဆက်ကို ဝတ်ထားလိုက်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပေမဲ့ လွတ်လပ်မှုတော့ မရှိပါဘူး။ အနေအထိုင်လည်း ဆင်ခြင်ရပါတယ်။ စိတ်ရှိတဲ့ အတိုင်း သွားလာ နေထိုင်လို့ မသင့်တော်ပါဘူး။ မြန်မာဝတ်စုံက သိပ်ကို တည်ငြိမ် မွန်မြတ်တာကြောင့် သတိထားရပါတယ်။

၅) နေရာရွေးတဲ့ အခက်အခဲ

မြန်မာ့ရိုးရာ အလှူ မင်္ဂလာ၊ ပွဲလမ်းသဘင်တွေနဲ့ သင့်တော်ပေမဲ့ အခုခေတ်စားနေတဲ့ show ပွဲတွေနဲ့ အခြား ပျော်ပွဲရွှင်ပွဲတွေမှာ ဆိုရင် မြန်မာဝတ်စုံကို ဝတ်ဖို့ မသင့်တော်ပါဘူး။

အခုခေတ်မှာက မြန်မာ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းရန် လိုအပ်နေပင်မဲ့လည်း တစ်ပါးနိုင်ငံက ယဉ်ကျေးမှုများစွာ ဝင်ရောက် လွှမ်းမိုးလာတာမို့ ယနေ့ခေတ်လူငယ် အများစုကလည်း ရွေးချယ်စရာတွေ များလှပါတယ်။ ထို့ကြောင့် မိမိတို့ နှစ်သက်ရာ၊ အဆင်ပြေလွယ်ကူရာ ရွေးချယ်ကြတာမို့ နန်းဆန်ဖို့ အခက်အခဲများ ရှိလာကြပါတယ်။

မည်သို့ပင် ဆိုစေမူ မြန်မာ အဝတ်အစားနဲ့ နန်းဆန်ဆန်လှတယ် ဆိုတာကတော့ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဂုဏ်ယူစရာ အချက်ပါပဲ။ အခက်အခဲတွေ ရှိတဲ့ ကြားက နန်းဆန်နိုင်အောင် ကြိုးစားကြပါစို့နော် ….

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။