လှိုင်ကျွန်း၊ မတ္တရာမြို့နယ်၊ အလကကျောင်းတစ်ခုက ခါးတောင်းကျိုက်စာသင်ပေးနေတဲ့ ကျောင်းဆရာလေးရဲ့ ဓာတ်ပုံတွေပြန့်လာအပြီးမှာတော့ ကျောင်းဆရာတွေ ခါးတောင်းကျိုက်နည်းသင်ရတော့မလားဆိုတဲ့ ဝေဖန်သံတွေထွက်လာခဲ့ပါတယ်။ 

မတ္တရာမြို့နယ် လှိုင်ကျွန်းကျေးရွာရှိ (အလက)ကျောင်းမှာ မြစ်ရေဝင်ရောက်နေတာကြောင့် ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေ ရေထဲမှာ စာသင်ကြားနေရတယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ရေဟာ ကျောင်းအတွင်းကို စတင်ဝင်ရောက်လာတာဖြစ်ပြီး အပေါ်ထပ် စာသင်ဆောင် နေရာပြည့်နေတာကြောင့် မြစ်ရေဝင်နေတဲ့ အောက်ထပ်မှာ စာသင်နေကြရပါတယ်။

"မြစ်ရေဒီထက်တိုးလာရင်တော့ အောက်ထပ်ကကျောင်းသားတွေကို အပေါ်ထပ်အကုန်တင်ပြီး စာသင်ရတော့မယ့်အနေအထားဖြစ်လာမယ် အဲ့ဒီအခါကျရင် ပြွတ်သိပ်ကြပ်ညှပ်ကုန်တော့မယ် သင်စရာနေရာမလုံလောက်တော့ အဆင်ပြေသလိုသင်ရမှာပဲ ရေအရမ်းများလာရင်တော့ အတန်းတချို့ပိတ်ရမယ့်အနေအထားမှာရှိတယ် " လို့ လှိုင်ကျွန်းအလကကျောင်းအုပ်ဆရာကြီးက MUNA သတင်းဌာနအား ပြောကြားခဲ့ပါတယ်။

လှိုင်ကျွန်း အလကကျောင်းအောက်ထပ်မှာ အခန်းကန့်ထားခြင်း မရှိဘဲ ခုံချစာသင်ပေးနေရခြင်းဖြစ်တယ်လို့သိရပါတယ်။

စာသင်ကျောင်းဟာ ပေအကျယ် ၁၁၂ပေရှိပြီး အလကကျောင်းဖြစ်တာကြောင့် ပုံမှန်အားဖြင့် စာသင်ခန်း ၉ခန်းရှိရမယ့်အစား အပေါ်ထပ်စာသင်ခန်း ၄ခန်းပဲရှိတာကြောင့် အောက်ထပ်မှာ တိုးချဲ့ဆောက်လုပ်ဖို့ လိုအပ်နေကြောင်းသိရပါတယ်။ အဆိုပါကျောင်းမှာ ကျောင်းသူ ကျောင်းသား စုစုပေါင်း ၂၄၆ ယောက်ကို လက်ခံသင်ကြားပေးလျှက်ရှိတယ်လို့သိရပါတယ်။

သတင်းအရင်းမြစ် MUNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။