နည်းလမ်းမှန်ကန်အောင် ဘယ်လို ခေါင်းလျှော်ရမလဲဆိုတာကို အများစုက ရှုပ်ထွေးနေတတ်ပါတယ်။ တစ်ချို့ ဆံပင်တိုသူတွေက ခေါင်းလျှော်ရင် ဆံပင်အရှည်မြန်တယ် ဆိုတဲ့ အယူအဆနဲ့ နေ့တိုင်း ခေါင်းလျှော်ကြပါတယ်။ တစ်ချို့ကြတော့လည်း ဆံပင်ရှည်လို့ အခက်အခဲရှိလို့ဆိုပြီး တစ်ပတ်တစ်ခါ ခေါင်းလျှော်ကြပါတယ်။ တစ်ချို့ကြတော့လည်း ရာသီဥတု အခြေအနေပေါ်မူတည်ပြီး အေးရင် အေးသလို၊ ပူရင် ပူသလို ခေါင်းလျှော်တတ်ကြပါတယ်။ ဘယ်အရာက ပိုမှန်ပါသလဲ … ဘယ်လိုနည်းလမ်းနဲ့ ခေါင်းလျှော်ရမလဲ .. စသည်ဖြင့် နည်းလမ်းမှန်မှန် ခေါင်းလျှော်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁) ဆံသားပေါ်မူတည်ပြီး ခေါင်းလျှော်ကြိမ်နှုန်း သတ်မှတ်ပါ။

ဆံသား အရမ်းကောင်းလွန်းပြီး အဆီထွက်တဲ့ ဆံသားပိုင်ရှင်ဆိုရင်တော့ နေ့တိုင်း ခေါင်းလျှော်လည်း ပြသနာ မရှိပါဘူး။ ပုံမှန် ဆံသားနှင့် ခြောက်သွေ့တဲ့ ဆံသားဆိုရင်တော့ တစ်ပတ်မှာ သုံးကြိမ်လောက် ခေါင်းလျှော်ခြင်းက ပိုပြီး သင့်တော်ပါတယ်။ ဆံပင်ခြောက်စက်နှင့် အခြား အပူပေးစက်များကိုလည်း ရှောင်ဖို့ တိုက်တွန်းချင်ပါတယ်။

၂) ခေါင်းလျှော်ရည် ရွေးချယ်ပါ။

နာမည်ကြီး တံဆိပ်ဖြစ်နေမှ အဆင်ပြေမည် မဟုတ်သော်လည်း မိမိနှင့် ကိုက်ညီသော ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးချယ်ရန် လိုအပ်ပါတယ်။ ခြောက်သွေ့တဲ့ ဆံသားအတွက်ဆို “Moisturizer” ပါတာမျိုးက သင့်တော်ပါတယ်။ ဆံပင်အရောင် ဆိုးထားသူ အနေနဲ့ “Volumizing” ၊ ဗောက်ထ တတ်သူ အနေနဲ့ “Anti-dandruff” စသည် စသည်ဖြင့် မိမိဆံသားနှင့် သင့်တော်တာကို ရွေးချယ်ပါ။

(၃) ရေ အရင်လောင်းပါ။

ခေါင်းလျှော်ရည်ကို ဆံသားနဲ့ မထိခင် ဆံသား အားလုံး ရေစိုအောင် ရေ အရင်လောင်းပါ။ ရေနွေးနွေးလေးက အညစ်အကြေးတွေကို လွယ်ကူစွာ သန့်စင်နိုင်တာမို့ ရေနွေးသုံးပြီး ခေါင်းလျှော်ခြင်းလည်း သင့်တော်ပါတယ်။ ရေနွေးက ပိတ်စို့နေတဲ့ ချွေးပေါက်တွေကိုလည်း သက်သာစေပါတယ်။

(၄) ခေါင်းလျှော်တဲ့ ပုံစံအနေအထားကို သတိထားပါ။

အထူးသဖြင့် ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ခေါင်းလျှော်တဲ့ အနေအထားကို ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ခေါင်းကို ငုံ့ပြီး ရေလောင်း လျှော်ခြင်းက ဇာက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ကို အလွယ်တကူ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ပုံမှန် ရေချိုးသလိုပဲ ခေါင်းကို ပုံမှန် အတိုင်းထားပြီး လျှော်သင့်ပါတယ်။

(၅) ခေါင်းလျှော်ရည်ကို မှန်ကန်စွာ အသုံးပြုပါ။

ခေါင်းလျှော်ရည်ကို မှန်ကန်စွာ အသုံးပြုခြင်းဆိုတာ ဆံသားနှင့် ချက်ချင်းမထိတွေ့စေဘဲ ခေါင်းလျှော်ရည်ကို ရေရောပြီး အရည်ကျဲသွားကာမှ အသုံးပြုသင့်ပါတယ်။ ခေါင်းလျှော်ရည်ကို လက်ထဲထည့် ကြိမ်ဖန်များစွာ ပွတ်ပြီးမှ ရရှိလာသော အမြှုပ်ကို အသုံးပြုခြင်းဖြင့်လည်း သင့်တော်ပါတယ်။

(၆) ခေါင်းလျှော်ရည်တစ်မျိုးတည်းကို စွဲမသုံးပါနဲ့။

ဆံသားနှင့် သင့်တော်သော ခေါင်းလျှော်ရည်ကို ရွေးချယ်ရမည် မှန်သော်လည်း ခေါင်းလျှော်ရည် တစ်မျိုးတည်းကို ကြိမ်ဖန်များစွာ အသုံးပြုခြင်းက သင့် ဦးရေနှင့် ဆံသား ဖွံ့ဖြိုးမှုကို အတားအဆီးဖြစ်စေပါတယ်။

(၇) ရေအေးနှင့် အဆုံးသတ်ပါ။

နောက်ဆုံး ခေါင်းကို လောင်းလိုက်တဲ့ ရေက ရေအေး ဖြစ်တယ်ဆိုရင် သင့်ဆံသားအတွက် အထောက်အကူ အများကြီး ရမှာပါ။ ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ထားသူများ အနေဖြင့်လည်း နောက်ဆုံး ရေအေးနှင့် အဆုံးသတ် ရေလောင်းနိုင်ပါတယ်။ ဒီလို ပြုလုပ်ခြင်းက အရေပြား ပါးလွှာလေးကို ရေအေးဖြင့် တင်းကျပ်သွားစေတာကြောင့် ဆံသားအား ပိုမိုကောင်းမွန်လာပြီး ပြင်ပမှ bacteria များ ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။