အစားလဲလျှော့နေပါတယ်၊ အဆီအဆိမ့်အချိုလဲ ရှောင်ရဲ့သားနဲ့ ဘာကြောင့်ဝိတ်မကျတာတုန်း..အကြောင်းရင်းကတော့ ဒီအချက်လေးတွေနဲ့ လွဲနေတာကြောင့်ဖြစ်မယ်နော်။

မနက်စာကို အားရပါးရစားပါ။

မနက်စာကို ကျော်လိုက်တာက ကောင်းတယ်လို့ ထင်မနေပါနဲ့။ ဒါက တစ်နေကုန် သင် တစွတ်စွတ်စားဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်နေပါပြီ။ အာဟာရမမှီဝဲဘဲ အလုပ်လုပ်တာက သင့်အတွက် ဆိုးရွားတဲ့နေ့ပါပဲလို့ ဆိုကြပါတယ်။ ဒီတော့ မနက်စောစောထပါ။ မနက်စာ စားဖို့ အချိန်ကို ပေးကိုပေးပါ။ ကိုယ့်ကိုယ်ကိုယ် အစားမစားပဲ အလုပ်မသွားရဘူးဆိုတာ မနက်ပိုင်းစည်းကမ်းချက်တစ်ခုထဲမှာ ထည့်ထားပါ။

အသင့်စားမုန့်တွေ လုံးဝရှောင်ပါ။

မုန့်တွေပါလာတယ်နော်။ လာစားဦး။ ဒါတွေကတော့ နေ့စဉ် ရုံးမှာ ကြုံရတဲ့အတွေ့အကြုံတစ်ခုပါပဲ။ ဟုတ်တယ်ဟုတ်။ အားနာလို့ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ပဲဖြစ်ဖြစ် သကြားလုံးလေးတစ်လုံး ဒါမှမဟုတ် ချောကလက်လေးတစ်ဖဲ့လောက်ပဲဖြစ်ဖြစ် စားလိုက်မိတယ်ဆိုရင်တော့ သင့်ကိုယ်သင် စည်းကမ်းချက်ချိုးဖောက်မိပြီလို့သာ သတ်မှတ်လိုက်ပါတော့။ တကယ်သာ ပိန်ချင်တယ်ဆိုရင် အားမနာပါနဲ့။ ဒါမျိုးတွေကအစ သင်တို့ရှောင်ရမှာပါ။

နေ့လည်စာကို ကောင်းမွန်စွာပါ။

နောက်တစ်ခု သေချာမှတ်ထားရမယ့်စည်းကမ်းကတော့ နေ့လည်စာကို ကောင်းကောင်းမွန်မွန်စားသုံးပေးဖို့ပါပဲ။ ပေါင်မုန့်ထောပတ်သုတ်တို့၊ ဟမ်ဘာဂါတို့က နေ့လည်စာအတွက် သင့်တော်တဲ့ဖြေရှင်းနည်း လုံးဝမဟုတ်ပါဘူးနော်။ နေ့လည်စာကို ထမင်းနဲ့ အဆီနည်းတဲ့ဟင်းရယ်၊ အသီးအရွက်ရယ် သင့်တင့်မျှတအောင် စားပေးရပါလိမ့်မယ်။ တကယ်လို့မှ နောက်ဆုံးနေ့လည်စာ အချိန်မှန်စားခဲ့တဲ့အချိန်တွေကိုတောင် မမှတ်မိနိုင်တော့ဘူးဆိုရင်တော့ သင် ၀ိတ်ကျဖို့ မမျှော်လင့်ပါနဲ့ဦး။

စိတ်ဖိစီးမှုတွေကို သတိထားပါ။

တကယ်လို့ သင်အစားတစ်စွတ်စွတ်စားနေမိပြီဆို တကယ့်တရားခံက စိတ်ဖိစီးမှုပဲ ဖြစ်ပါတယ်။ သင် စိတ်ဖိစီးမှုများနေသရွေ့တော့ မုန့်ပဲသရေစာတွေ၊ ကော်ဖီတွေနဲ့ အယ်ကိုဟောတွေ တရစပ် စားသောက်နေမိမှာပါပဲ။ နေ့တိုင်းစိတ်ဖိစီးမှုများနေမယ်ဆိုရင်တော့ နေ့တိုင်း ပေါင်တွေတက်နေပြီလို့သာ မှတ်ထားလိုက်ပါတော့။ စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျှော့ချဖို့ကို သင့်ရဲ့ မနက်ခင်း စည်းကမ်းချက်ထဲမှာ ထည့်ဖြစ်အောင်ကို ထည့်ထားပါ။

ဒီအချက် လေးချက်ကို လိုက်နာနိုင်ရင်တောင် သင် ၀ိတ်ကျနိုင်ပြီလို့ မှတ်ထားလို့ ရပါတယ်။ ဒါကြောင့် ၀ိတ်လျှော့ချင်တဲ့သူတိုင်းကို အလေးအနက်ပြောချင်တာကတော့ ညဘက်တွေပဲ ဆင်ခြင်မနေပါနဲ့။ မနက်ဘက်ကိုလည်း ဂရုစိုက်ပါဦးလို့။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။