လူကြီးလူငယ်မရွေး အဖြစ်များတာက အိပ်မပျော်ဘူးဆိုတဲ့ စကားပါပဲ။ အိပ်မပျော်ဘူးလို့ သာငြီးနေကြပြီး ဘာကြောင့် အိပ်မပျော်ဖြစ်ရလဲဆိုတာကိုတော့ သေချာမစဉ်းစားမိကြဘူးထင်ပါတယ်။ စားဝတ်နေရေး အလုပ်အကိုင် နဲ့ပတ်သက်ပြီး ဖိစီးမှုကိုယ်စီရှိကြတဲ့ သူတိုင်းဟာ အိပ်ပျော်ဖို့ ပိုခက်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေအပါအဝင် အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းတွေကို ဖတ်ကြည့်လိုက်ပါဦး ။

(1) စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်ဓာတ်ကျခြင်း

အလုပ်၊ ကျောင်း၊ ကျန်းမာရေး၊ မိသားစုစသည်တို့ကြောင့် စိတ်ဖိစီးမှုများပြီးညဘက်တွင် အိပ်စက်ရခက်ခဲစေပါတယ်။

စိုးရိမ်မှု၊ ပူပန်မှုများပါကလည်း အိပ်စက်ရခက်ခဲစေပါတယ်။ အိပ်မပျော်ခြင်းကိုစိုးရိမ်ပါက ပို၍အိပ်ရခက်စေပါတယ်။

စိတ်ဓာတ်ကျနေပါက အမြဲတမ်းအိပ်နေတတ်သလို အိပ်ရခက်ခြင်းလည်းဖြစ်နိုင်ပါတယ်။

(2) ကျန်းမာရေးအခြေအနေ

နာကျင်ကိုက်ခဲမှု၊ အသက်ရှူရခက်ခြင်း၊ မကြာခဏဆီးသွားရခြင်းတို့ကြောင့်လဲ အိပ်မပျော်ခြင်းဖြစ်တတ်ပါတယ်။ ဥပမာ - အဆစ်ရောင်ခြင်း၊ ကင်ဆာ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ။ အသက်ကြီးသောအမျိုးသားများမှာ ဆီးကျိတ်ကြီးခြင်းကြောင့် ညဘက်ဆီးခဏခဏထသွားရပြီး အိပ်မရခြင်း ဖြစ်နိုင်ပါတယ်။

(3) ဆေးဝါးများ

အိပ်စက်မှုကို နှောင့်ယှက်သည့်ဆေးများစွာရှိပြီး စိတ်ကျရောဂါဆေးအချို့၊ နှလုံးနှင့် သွေးကျဆေး၊ corticosteroids စသည်တို့ပါဝင်ပါတယ်။ အကိုက်အခဲပျောက်ဆေးအချို့၊ ၀ိတ်ကျဆေးများတွင်လည်း ကဖင်းနှင့် အခြားလှုံ့ဆော်သော ဓာတုပစ္စည်းများပါဝင်တဲ့အတွက် အိပ်မရဖြစ်စေပါတယ်။

(4) ပတ်ဝန်းကျင် (သို့) အလုပ်ချိန်ပြောင်းလဲခြင်း

ခရီးသွားခြင်း၊ အလုပ်ချိန်နောက်ကျခြင်း၊ အိပ်စက်ချိန်မမှန်ခြင်း၊ အိပ်စက်ရန်မသင့်သည့် ပတ်ဝန်းကျင်ရှိခြင်း စသည်တို့က အိပ်ရခက်ခဲခြင်းကိုဖြစ်စေပါတယ်။

(5) ကဖင်း၊ နီကိုတင်းနှင့် အရက်

ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနှင့် အခြားကဖင်းပါဝင်သော အရည်များသည် လန်းဆန်းစေပြီး ညနေစောင်းနှင့် ညဖက်သောက်သုံးပါက ညတွင်အိပ်မပျော်ပဲရှိနိုင်ပါတယ်။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းသည်လည်း အိပ်မပျော်စေဘဲလန်းဆန်းစေနိုင်ပါတယ်။

အရက်သည် အိပ်ငိုက်စေပြီးအိပ်ပျော်စေသော်လည်း နှစ်ခြိုက်စွာအိပ်စက်ခြင်းကိုတားမြစ်၍ ညလယ်ခေါင်တွင်နိုးလာခြင်းမကြာခဏဖြစ်စေပါတယ်။

(6) ညဘက်တွင် အစာများစွာစားခြင်း

ညမအိပ်ခင် ပေါ့ပေါ့ပါးပါးစားသောက်ခြင်းသည် ပြဿနာမရှိသော်လည်း ပြည့်အင့်အောင်စားပါက အိပ်စက်လျှင်မသက်မသာခံစားရနိုင်ပြီး အိပ်ရခက်စေနိုင်ပါတယ်။

(7) အသက်အရွယ်ကြီးခြင်းနှင့် အိပ်မပျော်ခြင်း

အိပ်မပျော်ခြင်းသည် အသက်ကြီးလာပါကပိုဖြစ်နိုင်သည်။ အသက်ကြီးရင့်လာသည်နှင့် ကြုံရလေ့ရှိသည်များမှာ ...

- အိပ်စက်မှုပုံစံပြောင်းခြင်း- အသက်ကြီးလာသည်နှင့်အမျှ အိပ်ဖို့ခက်လာပြီး အသံကြားသည်နှင့် နိုးလာခြင်း များ ဖြစ်လာပါတယ်။ ညပိုင်းစောစောအိပ်ချင်ပြီး မနက်စောစောနိုးလာတတ်ပါတယ်။ သို့သော်လည်း သက်ကြီးရွယ်အိုများဟာ လူငယ်များကဲ့သို့ပင် အိပ်ချိန်ပမာဏလိုအပ်ပါတယ်။

- အလုပ်အကိုင်ပုံစံပြောင်းခြင်း- အသက်ကြီးလာလျှင် ကိုယ်လက်လှုပ်ရှားမှုနည်းသွားပြီး အိပ်စက်မှုကိုနှောင့်ယှက်နိုင်ပါတယ်။ ထို့အပြင် လှုပ်ရှားမှုနည်းပါက နေ့ခင်းတစ်ရေးအိပ်စက်မှုများစေပြီး ညဘက်အိပ်ခြင်းအားနှောင့်ယှက်နိုင်ပါတယ်။

- ကျန်းမာရေးအခြေအနေ- အဆစ်အမြစ်များကိုက်ခဲခြင်း၊ စိတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့်လည်း အိပ်ရခက်စေနိုင်ပါတယ်။ အမျိုးသားများအသက်ကြီးလာပါက prostategland ကြီးလာသဖြင့် မကြာခဏဆီးသွားရပြီး အိပ်စက်မှုအားနှောင့်ယှက်နိုင်ပါတယ်။ အမျိုးသမီးများသွေးဆုံးချိန်၌လည်း ထိုကဲ့သို့ကြုံရနိုင်ပါတယ်။

- အခြားပြဿနာများ- အသက်အရွယ်နှင့်ဆိုင်သောအခြားပြဿနာများ- ဥပမာ - sleep apnea ကြောင့် အိပ်ပျော်နေစဉ်အချိန်ပိုင်းမျှ အသက်ရှူရပ်တန့်သွားတတ်ပါတယ်။ Restless legs syndrome ကြောင့် ခြေထောက်တွင် မသက်မသာခံစားရကာလှုပ်ရှားချင်နေသဖြင့် အိပ်စက်ရခက်စေပါတယ်။

- ဆေး - အသက်ကြီးလာပါကဆေးသောက်ရမှုများ လာသဖြင့် ဆေးကြောင့်ဖြစ်သည့် အိပ်မပျော်ခြင်းကို ပိုများစေပါတယ်။ 

သတင်းအရင်းမြစ် drmyanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။