တရုတ်နိုင်ငံသို့ မတရားဝင်ရောက်နေသော မြန်မာ့အဖိုးတန်သစ်များ

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ထုတ်ပြန်သော အစီရင်ခံစာကို ကိုးကား၍ မြန်မာနိုင်ငံမှ တရားမဝင်ခိုးထုတ်သော သစ်များသည် ခုနစ်မိနစ်လျှင် ၁၅ တန်တင်ထရပ်ကား တစ်စီးနှုန်းဖြင့် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိကြောင်း ပြောကြားခဲ့သည်။

၄င်းက ထိုကိစ္စနှင့်ပတ်သတ်၍ " မြန်မာနိုင်ငံမှ တရားမဝင် သစ်ခိုးထားတဲ့သစ်တွေ ပျှမ်းမျှအားဖြင့် တစ်စီးကို ၁၅ တန်လောက်တင်ဆောင်ထားတဲ့ သစ်လုံတင်ထရပ်ကားကြီးတွေဟာ တရုတ်နိုင်ငံဘက် စစ်ဆေးရေးဂိတ်များကို ခုနစ်မိနစ်ကို ကားတစ်စီးနှုန်းနဲ့ ၂၄နာရီ တစ်နှစ်ပတ်လုံး ပျက်ရက်မရှိ အမြဲဖြတ်သန်းဝင်ရောက်နေတာကို ဘယ်သူကမှ အရေးမယူမှု မရှိဘူးလို့ Global Witness တွင်ဖော်ပြထားပါတယ်" ဟု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၏ အရှေ့ဘက်ဒေသသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု နယ်မြေအေးချမ်းမှုမရှိခြင်းတို့ကြောင့် တရားမဝင်သစ်နှင့် သံယံဇာတခိုးထုတ်မှုများ ဖြစ်ပွားနေ၍ အရေးယူဖမ်းဆီးခဲ့ရာ ၂၀၀၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တရားမဝင် ကျွန်း သစ်မာနှင့် အခြားသစ် ၁၃၆၈၂၅.၅၄ တန် တရားခံ ၄၃၀၃ ဦး ယာဉ်ယန္တရား ၄၇၀၄ စီးတို့ကို ဖမ်းဆီးရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းရှိနေရာမှ ၂၀၀၈ ခုနှစ်တွင် ၂၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ သစ်တောပြုန်းတီးမှု အန္တရာယ်အရှိဆုံးနှင့် အစိုးအရိမ်ရဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း သိရသည်။

Source: Local Daily News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။