အအေးတစ်ခါမိတာနဲ့ မပြီးနိုင်မစီးနိုင် အဖျားတာရှည်နေပြီလား..ဒါကို ရှောင်ရှားဖို့အတွက် ဒီအချက်တွေနဲ့ သတိထားကာကွယ်လိုက်ပါ။

လက်ဆေးပါ

လက်ကို မကြာခဏဆေးပါ။ ပိုးမွှားအများစုက လက်ကနေတစ်ဆင့် ကူးစက်ကြတာပါပဲ။ ပိုးမွှားတွေရှိနေတဲ့ အရာဝတ္တုတွေကို သင့်ရဲ့လက်နဲ့ ထိတွေ့ကိုင်တွယ်မိလို့ပဲဖြစ်ဖြစ်၊ တုတ်ကွေးဖြစ်နေတဲ့သူနဲ့ လက်ချင်းကိုင်တွယ်မိလို့ပဲဖြစ်ဖြစ် ဒီရောဂါပိုးမွှားတွေက အလွယ်တကူနဲ့ သင့်ဆီကို ကူးစက်လာနိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပါ။ အစားစားခါနီးတိုင်းဆေးပါ။ လက်မဆေးတာ အချိန်ကြာသွားပြီလို့ ခံစားရတိုင်း လက်ဆေးပါ။ လက်ဆေးခြင်းက သင့်ကို တုတ်ကွေးဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။

သန့်ရှင်းပါ

ပတ်ဝန်းကျင်ကို တစ်နေ့တစ်ကြိမ်လောက်တော့ အနည်းဆုံးသန့်ရှင်းပါ။ အထူးသဖြင့် စာရေးစားပွဲတွေ၊ ထိုင်ခုံတွေနဲ့၊ လက်ကိုင်တန်းတွေပါပဲ။ ဒီနေရာတွေကို သင့်ထက်အရင် တုတ်ကွေးပိုးရှိတဲ့သူတွေ လာပြီးထိတွေ့ကိုင်တွယ်သွားမယ်ဆို နောက်မှာ ထိတွေ့ကိုင်တွယ်တဲ့ သင့်အတွက်လည်း တုတ်ကွေးနိုင်ချေရှိပါတယ်။ နောက်ပြီး တုတ်ကွေးပိုး ၅၀ ရာခိုင်နှုန်းက ဒီလိုမျက်နှာပြင်နေရာတွေမှာ ရှိနေပါတယ်လို့ နိုင်ငံတကာကျန်းမာရေးသုတေသီတွေက ပြောထားပါတယ်။ ဒါကြောင့် အများသုံးနေရာတွေက ကွန်ပြူတာတွေနဲ့ ဘတ်စ်ကားလက်ကိုင်တန်းတွေက သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်။

ရေသောက်ပါ

ရေသောက်ပါဆိုတဲ့နေရာမှာ ရေဘယ်လိုသောက်ရမလဲဆိုတော့ များနိုင်သမျှ များများသောက်ဖို့ပါပဲ။ ဘယ်လိုကျန်းမာရေးပြဿနာအတွက်မဆို ရေသောက်ခြင်းက ဘုံဖြေရှင်းနည်းအဖြစ် ရှိနေပါတယ်။ တုတ်ကွေးပိုး အလွယ်တကူ သင်တို့ရဲ့ ကိုယ်ခန္ဒာထဲကို မဝင်နိုင်ဖို့ သင်ဟာ ကြံ့ခိုင်သန်စွမ်းနေဖို့ လိုအပ်ပါတယ်။ အဲဒီလို ကြံ့ခိုင်သန်စွမ်းနေဖို့အတွက် ရေကတော့အကောင်းဆုံးအားဆေးတစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားပါ

မိုးအေးအေးလေးနဲ့ စောင်လေးခြုံပြီး ကွေးနေဖို့ မစဉ်းစားပါနဲ့နော်။ မိုးရာသီလည်း ကိုယ်လက်အားကစားလုပ်ရမှာပါပဲ။ ဒါမှပဲ သင့်ကို ပြင်ပရောဂါတွေ ဝင်မလာနိုင်အောင် သင့်ကိုယ်သင် တားဆီးပြီးသားဖြစ်မှာပါ။ ကွေးလေလေ သွေးလေးလေလေ လူက တုတ်ကွေးချင်လာလေလေပဲဖြစ်လို့ ထိုက်သင့်တဲ့ကိုယ်လက်လှုပ်ရှားမှုကိုတော့ မပျက်စေနဲ့ပေါ့နော်။

အအေးမခံပါနဲ့

ဘယ်လောက်ရေချိုးကြိုက်ကြိုက် မိုးတွင်းဆို ရေကို ၁၅မိနစ်ထက် ပိုမချိုးပါနဲ့။ မိုးရေထဲက ပြန်လာရင် ဆံပင်က ရေတွေကိုလည်း သေချာသုတ်ပေးဖို့ လိုအပ်ပါသေးတယ်။ အထူးသဖြင့် မိန်းကလေးတွေ ခေါင်းလျှော်ပြီးလို့ပဲဖြစ်ဖြစ် မိုးရေစိုလို့ပဲဖြစ်ဖြစ် ဆံပင်မှာရေတွေစိုနေပြီဆို ဒီအတိုင်းမထားပါနဲ့နော်။ ဒါက သင့်ကို တုတ်ကွေးဖြစ်စေဖို့ ရှေ့့ဆောင်လမ်းပြပေးနေသလိုပါပဲ။ အဝတ်အစားတွေလည်း ထို့နည်းတူပါပဲနော်။ အအေးမခံပါနဲ့။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။