ကမ္ဘာပေါ်မှာရှိတဲ့ ရေခူမျိုးစိတ်တွေများစွာထဲကမှ လူတွေကိုအန္တရာယ်ပေးနိုင်သော အဆိပ်အတောက်တွေရှိတဲ့ ရေခူနှစ်မျိုးကို ပရိသတ်တွေအတွက် ဖော်ပြပေးချင်ပါတယ်။
၄င်းရေခူနှစ်မျိုးကတော့ ခူထောင်း နဲ့ ခူမီး ခေါ် ခူမီးတောက်တို့ပဲ ဖြစ်ပါတယ်။
ခူထောင်းရဲ့ ခေါင်းပိုင်းဟာ ပန်ကန်းလုံးကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ရှည်လျားတဲ့ အမြီးတန်းလည်း ပါရှိပါတယ်။ အကြီးဆုံး အရွယ်အစားက လက်သီးဆုပ်ခန့်ရှိပြီး အမြီးကတော့ နှစ်တောင်မှ သုံးတောင်ခန့် အထိရှိပါတယ်။
ခူထောင်းတွေရဲ့ ခေါင်းပိုင်းကိုထိရင် ဘာမှမဖြစ်ပေမယ့် အဆိပ်ရှိတဲ့ အမြှီးးပိုင်းကို ထိမိမယ်ဆိုရင်တော့ မခံမရပ်နိုင်လောက်အောင် ဆိုးဝါးတဲ့ ယားယံမှုကို ခံစားရမှာပဲ ဖြစ်ပါတယ်။
အချိန်မီမကုသဘူးဆိုရင်တော့ သုံးနာရီကနေ ခြောက်နာရီလောက် အထိ ယားယံနေတတ်ပြီး နှစ်ရက်လောက်ကြာပီဆိုရင် ၄င်းနေရာကနေ အနာများ ပေါက်လာတတ်ပါတယ်။။ ဒီအနာတွေဟာ ကုသဖို့ ခက်ခဲပြီး ပျောက်ကင်းသွား သည့်တိုင် အမာရွတ်များကျန်နေတတ်ပြီး မူလ အရေပြားအတိုင်း ပြန်လည် မချောမွေ့တော့ပါဘူး။ ခူထောင်း၏ အမြီး၊ သို့မဟုတ် အမြီးမှ ထွက်သော အရည်ဟာ မျက်လုံးထဲသို့ ဝင်ပါက အလွန်ဆိုးဝါးတဲ့ ဝေဒနာကို ခံစားရစေပြီး မိနစ်သုံးဆယ်အတွင်း ကြံရည်ဖြင့် မျက်လုံးကို မဆေးကြောလျှင် မျက်လုံးကန်းနိုင်ပါတယ်။
ခူထောင်းထက် ပိုအန္တရာယ်ကြီးတာကတော့ ခူမီး ခေါ် ခူမီးတောက် ဖြစ်ပြီး ခူမီးရဲ့ ဦးခေါင်းဟာ ရှစ်မြောက် ဖန်ခွက်ပုံသဏ္ဍန် ရှိတတ်သလို ဘောလုံးကဲ့သို့ လုံးဝန်သော ပုံသဏ္ဌာန်လည်း ရှိပါတယ်။ အရွယ်အစားမှာ ခူထောင်းခန့်သာ ရှိသော်လည်း အမြီးတန်းမှာ တစ်လံကျော်သည်အထိ ရှည်လျား တတ်ပါတယ်။ ခူမီး၏ အမြှီးတန်းနှင့် ရစ်ပတ်ခြင်း ခံရပါက ယားယံခြင်း အပြင် ဆိုးဝါးသော ပူလောင်မှုကိုပါ ခံစားရမှာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မီးလောင်ဒဏ်ရာကဲ့သို့သော အဖုအပိန့်များ ပေါက်ပြီး ထိုမှတဆင့် အနာဖြစ်ကာ ၄င်းအနာမှ တဆင့် ကြွက်သားများ ပျက်စီးခြင်း၊ အကြောများ ရှုံ့တွ၍ လက်ချောင်း ခြေချောင်းများ ကွေးကောက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။