ယနေ့ မတ်လ ၁၀ ရက်နေ့ စမ်းချောင်းမြို့နယ်မှာရှိတဲ့ သပိတ်စစ်ကြောင်း တချို့ကို မျက်ရည်ယိုဗုံးများ၊ အသံဗုံးများနဲ့ ရော်ဘာကျည် စတာတွေကို အသုံးပြုပြီး တားဆီးဖြိုခွင်းမှုတွေရှိနေပေမယ့် ကျောင်းသားလူငယ်များ နဲ့ ရပ်ကွက်နေပြည်သူများက အနာဂတ်အိမ်မက်တွေ မပျောက်သွားအောင် ဆက်လက်ချီတက်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စမ်းချောင်းမြို့နယ်မှာ လူငယ်တွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းကို တားဆီးပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ညပိုင်းမှာ လူငယ်တွေ ပြန်လည်ထွက်ခွာခွင့်မရဘဲ ပိတ်မိနေခဲ့ပါတယ်။
ဒီလိုအတားအဆီးတွေကြောင့် ရပ်ကွက်ထဲက လမ်းသွယ်တွေကို အဓိကနေရာယူထားပြီး တစ်ဖက်လမ်းသွယ်ကို ဖြိုခွင်းမှုရှိခဲ့ရင် တခြားတစ်ဖက်လမ်းသွယ်တွေမှာ ပြည်သူတွေပြန်စုပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ တွေ့ရပါတယ်။ ယင်း လူထုလှုပ်ရှားမှုပါဝင်ခဲ့တဲ့ ပြည်သူတစ်ယောက်ကတော့ "စမ်းချောင်း ကျွန်းတောလမ်းဘက်ကို စတင်ဖြိုခွင်းခံနေရပြီလို့ကြားပါတယ်။ ကျွန်တော်တို့အခု စုရပ်မှာလည်း လမ်းထိပ်မှာ ဆိုက်ကား၂စီးရပ်ထားတယ်...သူတို့လည်း ကျွန်တော်တို့ကိုဘာမှမလုပ်သေးတဲ့အတွက် ကျွန်တော်တို့လည်း ကိုယ့်ဘာသာအကာအကွယ်တွေ၊ ဒိုင်းတွေလုပ်ပြီး၊ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒထုတ်ဖော်သွားမှာပါ.....
ကျွန်တော်တို့ ကြောက်နေလို့ လမ်းမထွက်ခဲ့ရင် ကျွန်တော်တို့ အရှုံးပေးလိုက်ရမှာပါ၊ ဖမ်းဆီးခံလိုက်ရသူတွေ၊ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ကျွန်တော်တို့အရှုံးမပေးဘဲဆက်တိုက်သွားမှာပါ" လို့ ဆန္ဒထုတ်ဖော်ပြည်သူတစ်ဦး ကပြောပါတယ်။ လက်ရှိ တရားမျှတတဲ့ ဒီမီုကရေစီအရေး ပြန်လည်ရရှိအောင် ပြည်သူတွေက အားကြိုးမာန်တက်ဖြင့် အတားအဆီးတွေကြားကနေ လူထုလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေတာဟာ တစ်လကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ကဲ..ပရိသတ်ကြီးရေ တရားမျှတတဲ့ဒီမီုကရေစီကို ပြန်လည်ရရှိပြီး မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းအောင် Myanmarload မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - MyanmarloadTV