သူသူကိုယ်ကိုယ် ကိုယ့်ရဲ့ချစ်သူကို ကိုယ်မဟုတ်တဲ့ တခြားသူစိမ်းယောကျာ်း၊ မိန်းမတစ်ယောက်နဲ့ရယ်ရယ်မောမောလုပ်နေတာကို မြင်ရတဲ့အခါ သဘောကျတဲ့သူရယ်လို့ မရှိပါဘူး။ အချစ်ဆိုတာ ချစ်လွန်းအားကြီးလို့ အတ္တတွေပါလာတတ်တယ်ဆိုပေမယ့်လည်း အတ္တကတစ်ဆင့် သဝန်တိုမှုတွေကနေ သူ့အပေါ် ကြိုးကိုင်ခြယ်လှယ်မိပြီဆိုရင်တော့ သင်တို့အချစ်ရေးဟာ လုံးဝကို အဆုံးသတ်သွားစေနိုင်တဲ့အချက်ပါပဲ။

ပျော်ရွှင်သာယာတဲ့ အချစ်ရေး ၊ အိမ်ထောင်ရေး ကိုပိုင်ဆိုင်ချင်ရင်တော့ သမီးရည်းစားဘဝထဲက တစ်ယောက်နဲ့တစ်ယောက် လိုတာထက်ပိုပြီး အတ္တတွေမာနတွေ သဝန်တိုမှုတွေ မရှိဖို့လိုအပ်ပါလိမ့်မယ်။

အောက်ပါအချက်တွေက သင်တို့အချစ်ရေးမှာဖြစ်နေပြီဆိုရင်တော့အချိန်မနှောင်းခင် အမြန်ဆုံးပြင်ဆင်လို့ ရပါသေးတယ်။ အားလုံးပဲ အချစ်ရေးတွေအဆင်ပြေကြပါစေနော်။

လေးစားမှု မရှိခြင်း

ပိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ ဆက်ဆံရေးရဲ့ နောက်ကွယ်က အရင်းအမြစ်ကို အဖြေရှာကြည့်လိုက်တော့ ချစ်သူအပေါ် လေးစားမှုမရှိခြင်းဆိုတဲ့ လက္ခဏာတစ်ရပ်ကိုတွေ့ရပါတယ်။ ဒီလိုလူတွေရဲ့ လုပ််ရပ်ဟာ ကိုယ့်ချစ်သူကိုကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတစ်ဦး၊ မိမိကိုယ်ကိုထိန်းချုပ်နိုင်သူတစ်ဦးဆိုတဲ့ ယုံကြည်ချက်တွေ ပျောက်သွားအောင် ရိုက်ချိုးနေခြင်းဆိုတာ သတိပြုသင့်ပါတယ်။

နောက်ပြီးအဲဒီလိုလူမျိုးတွေဟာ ကိုယ့်ချစ်သူရဲ့ အလုပ်အကိုင်၊ ပညာရပ်ဆိုင်ရာ ရွေးချယ်မှုတွေက အစ လေးစားမှု မရှိတတ်တာတွေ့ရပါတယ်။

မနာလိုခြင်း

ပိုင်ဆိုင်လိုစိတ် ပြင်းထန်သူတွေဟာ သူတို့ချစ်သူအပေါ်ဝန်တိုမှုကို မကြာခဏ ပြသတတ်ပါတယ်။ သူငယ်ချင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သွားလာတဲ့အခါမှာ သူ့အနေနဲ့ စိတ်ဆိုးခြင်း၊ စိတ်ကသိကအောင့် ဖြစ်ခြင်းစတဲ့ လဏ္ခဏာတွေ ပြတတ်ပါတယ်။ အဆိုးရွားဆုံးအနေနဲ့ သူကလွဲပြီး ဒီလူတွေနဲ့ မဆက်ဆံအောင် ဆက်ဆံရေးတွေကို ပြတ်တောက်အောင် ကိုယ့်ချစ်သူအပေါ် ကြိုးစားခြင်းအားထုတ်ခြင်းပါပဲ။

ကြိုးကိုင်ခြယ်လှယ်ခြင်း

ဒီလိုလူမျိုးတွေက သူတို့ပြောစကားအတိုင်းမလုပ်ဘူးဆိုင်ရင် ချစ်သူကိုထားသွားမယ် စသဖြင့် ခြိမ်းခြောက်တတ်သလို တစ်ချို့အချိန်တွေမှာတော့ မိမိကိုယ်ကိုဒဏ်ရာအနာတရဖြစ်အောင် ပြုမှုပြခြင်း၊ မိမိကိုယ်ကိုပျက်စီးစေသည့် အပြုအမူတို့ဖြင့် ချစ်သူကို ကြိုးကိုင်တတ်ပါတယ်။ ဒါတွေရဲ့ အကြောင်းပြချက်က သူကလွဲပြီး တစ်ခြားသူတွေနဲ့ ပေါင်းသင်းတာကို မကြိုက်ပဲ ကိုယ့်ရဲ့အချိန်တိုင်းကို သူနဲ့အတူသာ ရှိနေစေလိုတဲ့အတွက်ကြောင့်ပါ။

“အချစ်ကြီးလွန်းလို့ပါ” လို့ လှပတဲ့ ခေါင်းစဉ်တွေ တတ်ပေမယ့်လည်း ဒီလိုအချစ်မျိုးက ရေရှည်အတွက် မကောင်းပါဘူး။ ကိုယ့်ကိုချစ်မိတဲ့ ချစ်သူအပေါ် သွယ်ဝိုက်သော နည်းဖြင့် အနိုင်ကျင့်ခြင်းပါပဲ။ အနိုင်ကျင့်တာကို နှစ်သိမ့်လက်ခံတဲ့ ချစ်သူကို စိတ်ရောကိုယ်ရောယုံကြည်မှု အပြည့်ရှိနေတဲ့ လူတစ်ဦးအဖြစ် မဟုတ်စေဘဲ အရာရာကိုသံသယ၊ အားငယ်စိတ်၊ သူများစိတ်ဆိုးသွားမလား၊ ထပ်ရန်ဖြစ်ကြရဦးမလားစသဖြင့် လွတ်လပ်မှုကို မျှော်လင့်နေရသူတစ်ဦးသကဲ့သို့ သို့လော သို့လောနဲ့ ရှင်သန်နေရသူတစ်ဦး ဖြစ်စေပါတယ်။ နှစ်ဦးသားဆက်ဆံရေးအတွက် အဆိပ်အတောက်တွေကို ပျိုးထောင်နေသလိုပါပဲ။ အဲလိုမဖြစ်အောင် ချစ်သူအပေါ် ပိုင်ဆိုင်လိုစိတ် ပြင်းထန်မှုကို ဘယ်လိုလျှော့ချနိုင်ပါသလဲ။

စိတ်အနားယူပါ

ချစ်သူကောင်မလေး မိတ်ဆွေအသိကောင်လေးနဲ့ လမ်းမှာတွေ့ပြီး ရယ်ရယ်မောမောစကားပြောတာမကြိုက်လို့ ဒေါသထွက်မိတော့မယ့် အချိန်မှာ မိမိကိုယ်ကိုသတိပေးပါ၊ မိမိဘာကြောင့် မနာလို ဖြစ်နေရတာလည်း။ သူ့ချစ်သူဟာ အရွယ်ရောက်ပြီးသား အမျိုးသမီး၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်သူ ဖြစ်နေရဲ့သားနဲ့ ဒီလိုဖြစ်ခြင်းဟာ ချစ်သူအပေါ် မကောင်းတဲ့ သက်ရောက်မှုကိုသာ ဖြစ်စေတယ်လို့ သတိချပ်ပြီး အသက်ပြင်းပြင်းရှုပါ။

အတော်အသင့် မိမိခံစားချက်ကိုဖော်ပြပါ

ကိုယ့်စိတ်ထဲချစ်သူ ဒီလိုရယ်ရယ်မောမော သူစိမ်းကောင်လေးနဲ့ ပြောတာဟာ အနည်းငယ် မနာလိုမှု ဖြစ်စေတယ်ဆိုတာကို ပြောပြနိုင်ပါတယ်။ ဒါပေမယ့် တည်ငြိမ်ပြီး ရင့်ကျက်တဲ့ နည်းလမ်းနဲ့ပါ။

နှစ်ဦးသားပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ

ကိုယ့်ချစ်သူက သူ့လုပ်ဖော်ကိုင်ဖက်တွေအကြောင်း ပြောလာရင် နားစိုက်ထောင်ပေးပါ။ ဒီလိုဆိုတော့ ကိုယ့်ချစ်သူက ဘယ်သူနဲ့ အလုပ်တွဲ လုပ်နေရတာလည်း၊ ဘယ်လိုဆက်ဆံရေးမျိုးရှိသလဲဆိုတာ ကိုယ်တိုင်သိနေရင် မလိုလားအပ်တဲ့ စိုးရိမ်စိတ်တွေ ဖယ်ရှားနိုင်ပါတယ်။ ကိုယ်က ဟိုလူနဲ့ သဝန်တို ဒီလူနဲ့ သဝန်တိုဆိုရင် ချစ်သူကလည်း သူအကြောင်းတွေကို စိတ်ဝင်တစားမျှဝေမှာ မဟုတ်တော့ပါဘူး။

ချစ်သူကိုလေးစားပါ

ချစ်သူကို တစ်လေးတစ်စားပြောဆိုပါ။ အော်ခြင်း၊ ဆူပူခြင်းစသဖြင့် မလုပ်သင့်သလို ချစ်သူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လေးစားပါ။ ဥပမာ- ခွင့်ပြုချက်မရဘဲအီးမေး၊ ဖုန်းမက်ဆေ့ချိဖတ်ခြင်း။

မိမိကိုယ်ကိုယုံကြည်ပါ

ဒီလိုပိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ သူတွေ ဘာကြောင့် ဒီလိုသဝန်တိုရသလည်းဆိုရင် သူတို့ကိုယ်တိုင် စိတ်မလုံခြုံမှု ဖြစ်နေလို့ပါ။ ငါဟာ သူ့လောက် ရုပ်မချောဘူး၊ စာမတော်ဘူး၊ ရာထူးမကြီးဘူး၊ မချမ်းသာဘူးစသဖြင့် သူများနဲ့ နှိုင်းပြီးစိတ်မလုံခြုံဖြစ်နေခြင်းကြောင့်ပါ။ ဒီအခါမှာ ကိုယ့်ရဲ့ ကောင်းကွက် အားသာချက်တွေကို ချရေးကြည့်ပါ။ ချစ်သူကိုကိုယ့်လောက် ဘယ်သူမှ ဂရုမစိုက်နိုင်ဘူး။ အချစ်ကြီးသူဖြစ်သလို ဂရုစိုက်တတ်သူ၊ အသေးစိတ်ကအစ အလေးထားတတ်သူ၊ ချစ်သူကို ရယ်မောစေသူစသဖြင့် မိမိကောင်းကွက်တွေကို ရှာဖွေကြည့်ပြီး ယုံကြည်မှုရှိသူတစ်ဦးအဖြစ် တည်ဆောက်ပါ။

သတင်းအရင်းမြစ် Myanmar people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။