ကိုယ့်နိုင်ငံအတွက် တာဝန်ကျေပွန်ပြီး ဇွဲမလျှော့ဘဲ ကြိုးစားအားထုတ်ပေးနေကြတဲ့ ပြည်သူတွေထဲမှာတော့ လူငယ်တွေက ရှေ့ဆုံးနေရာကနေ ပါဝင်နေကြတာ ဖြစ်ပါတယ် ။ လူငယ်တွေက မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို နိုင်ငံတကာက သတင်းမီဒီယာတွေ စိတ်ဝင်စားလာအောင် လုပ်ဆောင်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာဆိုရင်လည်း လူငယ်တွေက "အမှိုက်သပိတ်၊ဆေးသပိတ်၊ ပိတောက်သပိတ်၊ ပန်းသပိတ်" စသည်ဖြင့် Strike တွေတစ်မျိုးပြီး တစ်မျိုး ပြုလုပ်နေကြတာ ဖြစ်ပါတယ် ။
အခုလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာနေထိုင်ကြတဲ့ လူငယ်တစ်ချို့က "ပြောင်းပြန်သပိတ်" ကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ "ပြောင်းပြန်သပိတ်" ဆိုတာကတော့ ယောက်ျားလေးတွေက မိန်းကလေးလိုဝတ်ဆင်ပြီး မိန်းကလေးတွေက ယောက်ျားလေးတွေလို ဝတ်ဆင်ကာ ဆန္ဒထုတ်ဖော်ကြတဲ့ လူထုလှုပ်ရှားမှုကို ဆိုလိုတာပဲ ဖြစ်ပါတယ် ။ ဒီလှုပ်ရှားမှုမှာ လူကြီးလူငယ်၊ ကျားမမရွေး ပါဝင်ခဲ့ကြပြီး သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ပြသခဲ့ကြတာပဲ ဖြစ်ပါတယ် ။
အမျိုးသမီးတွေက ပုဆိုးဝတ်ပြီး နှုတ်ခမ်းမွေးတွေ၊ မုတ်ဆိတ်မွေးတွေဆွဲကာ ပါဝင်ခဲ့ကြသလို အမျိုးသားတွေကလည်း ဂါဝန်တွေ၊ စကတ်တွေဝတ်ကာ လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီပုံတွေကို ပြန်လည်မျှဝေခဲ့တဲ့ ပြည်သူတစ်ဦးကတော့ "ဒီလောက် ကပေါက်တိ ကပေါက်ချာ ဝတ်ထားတာတောင် သိပ်ချစ်ဖို့ကောင်းတဲ့တို့ပြည်သူတွေ " ဆိုပြီး ချီးကျူးအားပေးထားတာ ဖြစ်ပါတယ် ။ လူမှုကွန်ယက်စာမျက်နှာထက်မှာ အရမ်းရေပန်းစားနေတဲ့ "ပြောင်းပြန်သပိတ်"က ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit-Original Uploader