ကိုယ်ရောစိတ်ပါပင်ပန်းနွမ်းနယ်လာတဲ့အချိန်မှာ အိပ်စက်ကြတယ်လို့အထင်ရှိကြပေမယ့်လည်း အမှန်တော့ အဲလိုမဟုတ်ပါဘူး။ အိပ်စက်ခြင်းဆိုတာ အရေးကြီးတဲ့ဖြစ်စဉ်တွေ၊ ပြန်လည်ထိန်းသိမ်းမှုတွေနဲ့ အင်အားတွေဖြစ်စေတဲ့ ကာလအပိုင်းအခြားတစ်ခုပဲဖြစ်ပါတယ်။ ဘယ်လိုဖြစ်လာတယ်နဲ့ ဘာကြောင့်ဖြစ်စေရလဲဆိုတဲ့ အကြောင်းအရင်းတွေကတော့ ယနေ့တိုင် ဒဏ္ဍာရီဆန်ဆန်ပြောဆိုနေကြတုန်းပါ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ အိပ်စက်ခြင်းရဲ့အရေးပါတဲ့ လုပ်ငန်းဆောင်တာအချို့နဲ့ ကျန်းမာလန်းဆန်းဖို့အတွက် အိပ်စက်ဖို့လိုကြောင်းကိုတော့ သိရှိပြီးဖြစ်ပါတယ်။

အိပ်စက်ခြင်းရဲ့ အရေးကြီးတဲ့တာဝန်တစ်ရပ်မှာ မှတ်ဉာဏ်တွေကို စုစည်းပေးတာဖြစ်ပါတယ်။ တစ်နေ့တာအတွင်း ဦးနှောက်ဟာ အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းရပါတယ်။ ထိုအချက်တွေကို တိုက်ရိုက်မှတ်တမ်းတင်တာထက်စာရင် ရှေးဦးစွာဖြစ်စဉ်တွေကို ခွဲခြမ်းစိတ်ဖြာ၍သိမ်းဆည်းပါတယ်။ အိပ်စက်နေစဉ်အတွင်း အချက်အလက်အပိုင်းအစတွေကို ခဏတာမှတ်ဉာဏ်မှ ရေရှည်မှတ်ဉာဏ်သို့ပြောင်းလဲပေးပါတယ်။ သုတေသနပညာရှင်တွေရဲ့အဆိုအရ လူတွေဟာ အိပ်စက်ပြီးနောက်မှာ အချက်အလက်တွေကိုသိမ်းဆည်းတာသာမက မှတ်ဉာဏ်ဆိုင်ရာလုပ်ငန်းဆောင်တာတွေမှာပါ ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်ကြောင်းသိရပါတယ်။ ထို့ပြင် ခန္ဓာကိုယ်မှကြွက်သားတွေဖွ့ံဖြိုးရန်၊ တစ်သျှူးတွေပြင်ဆင်ရန်နှင့် ဟော်မုန်းတွေတည်ဆောက်ရန်အတွက်လည်း အိပ်စက်ရန်လိုအပ်ပါတယ်။

လူတစ်ယောက်အတွက် အိပ်စက်ချိန်မည်မျှလိုအပ်ပါလဲ။

မှတ်ဉာဏ်ကောင်းမွန်စေရန်နဲ့ အတတ်ပညာတွေသင်ယူရန် အိပ်စက်ချိန်အလုံအလောက်ရဖို့ အလွန်တရာမှပင် အရေးကြီးလှပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာ တစ်နေ့လျှင် အိပ်ချိန် 7 နာရီမှ 9 နာရီထိလိုအပ်ပြီး အသက်တစ်နှစ်ခန့်ကလေးတွေမှာ 11-14 နာရီခန့်၊ ကျောင်းတက်တဲ့အရွယ်ကလေးတွေမှာ 9-11 နာရီခန့်နဲ့ ဆယ်ကျော်သက်တွေမှာ 8-10 နာရီခန့် အသီးသီးလိုအပ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးထွားတဲ့အချိန်နဲ့ စာသင်ကြားနေတဲ့ အရွယ်မှာဆိုလျှင် လူငယ်တွေဟာ အမြဲနိုးကြားတက်ကြွနေစေဖို့ အိပ်စက်ချိန်လုံလောက်ဖို့လိုအပ်ပါတယ်။

ဒါပေမယ့် လူတစ်ယောက်ဟာ အိပ်ရေးပျက်တာတွေကိုစုထားပြီး အတိုးချ၍ပြန်အိပ်စက်တာကိုမလုပ်သင့်ပါဘူး။ အကောင်းဆုံး အိပ်စက်ခြင်းအလေ့အကျင့်ဆိုတာ ပုံမှန်လည်ပတ်နေသင့်ပြီး အသက်အရွယ်မရွေး နေ့စဉ်နေ့တိုင်း အိပ်ရေးဝဖို့အရေးကြီးဆုံးပါပဲ။

သတင်းအရင်းမြစ် Dr. Thinzar Wynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။