ဒညင်းသီးလို့ ပြောလိုက်တာနဲ့ နှာခေါင်းရှုံ့တဲ့ သူတွေ ရှိသလို ကြိုက်လွန်းလို့ သရေကျတဲ့သူတွေလည်း ရှိပါတယ်။ အရမ်းကြိုက်တယ် သူရယ်၊ အနံ့တောင် မခံနိုင်တဲ့သူရယ် အမျိုးအစား၂ မျိုးပဲ ရှိပါတယ်။

ကြိုက်တဲ့သူတွေ အချို့ကတော့ ရုံးမှာရှိတဲ့အချိန်နဲ့ အပြင်မှာ ထမင်းစားတဲ့ အချိန်မျိုးတွေမှာ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေမှာ စိုးရိမ်တာကြောင့် ဒညင်းသီး စားသုံးခြင်းကို ရှောင်ကြဉ်ကြပါတယ်။ ဒါပေမဲ့ အိမ်ရောက်ရင်ပဲ ဖြစ်ဖြစ်၊ နားရက်တွေမှာပဲ ဖြစ်ဖြစ် ဒညင်းသီးကို အတိုးချ စားသုံးပါတယ်။ 

ဒညင်းသီးကို ပုံစံမျိုးစုံနဲ့ လုပ်စားကြပါတယ်။ မီးဖုတ်တယ်၊ ပြုတ်တယ်၊ ဆားရည် စိမ်တယ်၊ ပြုတ်တာကို ထောင်းပြီးမှ အုန်းနို့ဆမ်းစားကြတယ်၊ ဟင်းနဲ့ ရောချက်တယ် (အထူးသဖြင့် ဝက်သားနဲ့ပေါ့)၊ ပြုတ်ထားတာကိုလည်း လက်ဖက်နဲ့ ရောစားတယ်၊ တစ်ချို့ဆို အစိမ်းတောင် စားကြပါတယ်။ ဘယ်လိုပဲ စားစား ဒညင်းသီးပေါ်ချိန်ဆို ဒညင်းသီး မစားရရင်ဖြင့် ထမင်းမမိန်ဘူးလို့တောင် ယူဆကြပါတယ်။

အများစုကတော့ ဒညင်းသီးစားရင် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်လို့ ဆိုကြပါတယ်။ ဒီလို ဖြစ်ရတာကလည်း ဒညင်းသီးမှာ ပါတဲ့ ဂျန်ကိုလစ် အက်စစ်ကြောင့် ဖြစ်ပါတယ်။ ဒီအက်ဆစ်က အပူဒဏ် ကို ခံနိုင်တယ်… အက်စစ်မှာ မပျော်ဘူး။ ပြုတ်တာ.. ဖုတ်တာ… ကင်တာ … ကြော်တာ တွေက ဒီ အက်စစ်ကို မဖယ်ရှားနိုင်ဘူး။ ဆီးနှင့် ကျောက်ကပ်ကို ဒုက္ခ ပေးနိုင်ပါတယ်။

အဆိပ်ကို ဖယ်ရှားမယ့် နည်းလမ်း (သို့) ဒီအက်ဆစ်ကို လျှော့ချနိုင်မဲ့ နည်းလမ်းကတော့

၁။ ဒညင်းသီးကို သာမန်ပြုတ်ရုံနဲ့ မလုံလောက်ပါဘူး။ ထပ်ခါထပ်ခါ ပြုတ်မှသာ လျော့ပါးနိုင်မှာ ဖြစ်ပါတယ်။

၂။ ပေါင်းအိုးနဲ့ ပေါင်းမယ်ဆိုရင်တော့ ထိုအက်စစ်ကို အထိုက်အလျောက် ဖျက်ဆီးနိုင်ပါတယ်။

၃။ ရိုးရိုးရေနဲ့ မဟုတ်ဘဲ ထုံးရည်ကြည် နဲ့ ပြုတ်မယ် ဆိုရင် ဒီအက်စစ် ပမာဏကို သိသိသာသာ လျော့နည်းသွားစေပါတယ်။

၄။ ဒီအက်စစ်ဟာ ဆားရည်ထဲမှာ ပျော်လွယ်တဲ့ အတွက် ဒညင်းသီး အစိမ်းထက် စာရင် ဆားရည်စိမ်က အက်စစ် ပိုနည်းပါတယ်။

၅။ ဒညင်းသီး စားပြီးရင် ရေများများ သောက်ပါ။ ပုံမှန် တစ်နေ့တာ ရေသောက်နှုန်း ဖန်ခွက် ၈ခွက်ထက် ပိုသောက်ပါ။ ဒါမှ သင့်ရဲ့ ဆီးလမ်းကြောင်းရော ကျောက်ကပ်ရော သန့်စင်ပြီးသား ဖြစ်မှာပါ။

၆။ အုန်းနို့စမ်း ဒညင်းသီး စားပြီးလျှင်ဖြစ်စေ၊ ဒညင်းသီး များများ စားမိလျှင် ဖြစ်စေ ထို့သို့ စားသုံးပြီးနောက်တွင် သံပရာတစ်ခွက် သောက်ပါ။

၆။ ဒညင်းသီးကြိုက်ရင် အရက်သောက်နှုန်းကို သိသိသာသာ လျှော့ချပါ။ အသီးအရွက်၊ သစ်သီင်္းဝလံ တွေ ပူစပ်ပူလောင် ဟင်းတွေ များများ စားပေးပါ။ အသားငါးတွေ လျှော့စားပါ။

၇။ ဒညင်းသီးရဲ့ ထိပ်ဆုံး အဝိုင်းလေးမှာ ဆုံးတဲ့ အညှာလေးတွေကို V ပုံစံ ဖယ်ရှားပြီးမှ စားသုံးပါ။ ကျောက်ကပ်ပျက်စီးခြင်းရဲ့ အဓိက က အဲ့ဒီ အညှာမှာ စုနေပါတယ်။ ပိုးပါတဲ့ ဒညင်းသီးတွေ စားသုံးခြင်းမှ ရှောင်ပါ။

၈။ လိုအပ်ရင် ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးကုသမှု ခံယူပါ။

တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း ကိုယ့်အတိုင်းအတာကို ကိုယ်သိဖို့တော့ လိုအပ်ပါတယ်။ တစ်ချို့က အလုံး ၂၀ လောက် စားတာတောင် ဘာမှ မဖြစ်ကြပေမဲ့ တစ်ချို့ကတော့ တစ်လုံးလောက် စားရင်တောင် ခံရတာတွေ ရှိပါတယ်။ ဥပမာ - သွေးတိုးရောဂါ ရှိတဲ့သူက ဒညင်းသီး စားမယ်ဆို အုန်းနို့နဲ့ စိမ်ထားတာကို လုံးဝ မစားသုံးသင့်ပါဘူး။ ဒညင်းသီး စားရည် စိမ်လောက်တော့ စားသုံးလို့ ရပါတယ်။ 

ဒညင်းသီးက အဝင်ရော အထွက်ရော ဆိုးတယ်လို့ မကြိုက်တဲ့ သူတွေကတော့ ပုတ်ခတ်ပြောဆိုလေ့ ရှိကြပါတယ်။ ဒါပေမဲ့ ဒညင်းသီး စားသုံးမှု နှုန်းကတော့ လျော့သွားခြင်း မရှိသလို ကြိုက်တဲ့ သူတွေကလည်း ထုနဲ့ဒေး ပါ။ ဒညင်းသီးစားခြင်းဖြင့် ဆိုးကျိုးက သိပြီးသားမို့ ကောင်းကျိုးလေးတွေကို အနည်းငယ် မျှဝေပေးချင်ပါတယ်။

၁) ဝမ်းချုပ်ခြင်းကို သက်သာစေတယ်

၂) သွေးထဲမှာရှိတဲ့ သကြားဓာတ်ကို လျှော့ချပေးတယ်

၃) အရိုးအဆစ် သန်မာစေတယ် … စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

ဒညင်းသီးကို ကြိုက်လို့ စားနေပေမဲ့လည်း ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးမှ မရနိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။