ငယ်ငယ်တုန်းက ကျောင်းတက်တဲ့ အရွယ်မှာ ကြားဖူးတဲ့ စကားလေး ရှိပါတယ်။ “ကျောင်းနေပျော်၍ စာတော်ရမည်” ဒါစကားက အမှန်ပါပဲ။ ကျောင်းတက်ရတာ ပျော်မှ နေ့တိုင်း ကျောင်းလာချင်ပြီး စာသင်ချင်စိတ် ရှိပါတယ်။

ထိုကဲ့သို့ပင် လုပ်ငန်းခွင်မှာလဲ ပျော်မှသာ အလုပ်အကိုင်တွေ ပိုမိုပြီး တိုးတက်အောင်မြင်ကြမှာပါ။ လုပ်ငန်းခွင်တွင် မဖြစ်မနေ လိုက်နာသင့်သော အရာများကို စည်းကမ်းသဘောမျိုးအနေဖြင့် သတ်မှတ်ထားသင့်သော်လည်း မလိုအပ်သော အကြောင်းအရာများကို လုပ်ငန်းရှင်များမှ မတင်းကျပ်သင့်ပါ။ ဥပမာ - Customer များအား ပုံမှန် Service ပေးနေရသော လုပ်ငန်းခွင်မျိုး မဟုတ်ပါက ကော်ဖီသောက်ချိန် သတ်မှတ်ခြင်း၊ အစာပြေ မုန့်စားချိန် သတ်မှတ်ခြင်း၊ အချင်းချင်း စုဝေး စကားမပြောရခြင်း၊ Ear Phone အသုံးပြု၍ သီချင်း နားမထောင်ရခြင်း၊ ဖုန်းမပြောရခြင်း … စသည် စသည်ဖြင့် မတင်းကျပ်သင့်ပါ။ 

လုပ်ငန်းခွင်တွင် လွတ်လပ်ပေါ့ပါး ပါက မိမိ လုပ်ငန်းခွင်ကို သဘောကျ နှစ်သက်မည် ဖြစ်ပြီး တီထွင်ဖန်တီးနိုင်မှု စွမး်အားများလည်း ကောင်းမွန်ပါလိမ့်မယ်။ စည်းကမ်းဆိုတာကို လိုက်နာရမည့် အရာလို့ သိတာထက် ကိုယ်တိုင် လက်ခံ ကျင့်သုံးသင့်တဲ့ အရာလို့သိတာက ပို၍ ကောင်းမွန်ပါတယ်။

ထို့ကြောင့် မိမိကိုယ်တိုင်က စီမံအုပ်ချုပ်နေရသူ တစ်ဦး ဖြစ်ပါက မလိုအပ်သော စည်းကမ်းများကို လုပ်ငန်းခွင်အတွင်း မထားမိစေရန် သတိပြုသင့်ပါတယ်။ မိမိက ဝန်ထမ်းတစ်ဦးဆိုလျှင်လည်း စည်းကမ်းထုတ်ရသည်အထိ ပေါ့ဆသော၊ နားလည်မှု မရှိသော သူ တစ်ဦး မဖြစ်မိစေရန် သတိထား ဆင်ခြင် သင့်ပါတယ်။ 

တစ်နေ့ကို ၉ နာရီမျှ အလုပ်ချိန်ရှိသော ကုမ္ပဏီများတွင် ထမင်းစားချိန်ကို အနည်းဆုံး တစ်နာရီ အနားပေးသင့်ပါသည်။ လုပ်ငန်းခွင်အတွင်း လွတ်လပ်စွာ နေထိုင်နိုင်ရန် အတွက်လည်း စီစဉ်ပေးသင့်ပါတယ်။ လုပ်ငန်းခွင် ဝင်သော ဝန်ထမ်းအများစုသည် သတ်မှတ်ထားသော လူလတ်ပိုင်း အရွယ်ရောက်ပြီမို့ ကလေးတစ်ယောက်ကဲ့သို့ ပြုမှု ပြောဆို ဆက်ဆံသည်များကို လိုလားမည် မဟုတ်ပါ။ ထို့အပြင် ရုံးချိန်ရော ရုံးချိန်ပြင်ပမှာပါ အလုပ်က အချိန်ပြည့်နီးပါ ကိုယ့်ကို လွှမ်းမိုးလာပြီဆိုရင် ဘယ်သူမဆို ဒီအလုပ်ကို စွန့်လွှတ်ဖို့ စဉ်းစားပါတော့တယ်။ ဒါ့ကြောင့် အလုပ်မှာ ပျော်ဖို့ အရေးကြီးပါတယ်။  

လုပ်ငန်းခွင်မှာ ပျော်ခြင်း၊ အချင်းချင်း ရင်းနှီးမှုရှိခြင်း၊ မိမိ အလုပ်အား ချစ်မြတ်နိုးခြင်း၊ လုပ်ငန်းခွင်နှင့် ပတ်သက်၍ ဂုဏ်ယူစရာကောင်းခြင်း စသည်တို့ ရှိမှသာ အလုပ်ရှင်ရော ဝန်ထမ်းပါ တိုးတက် အောင်မြင်မှာ ဖြစ်ပါတယ်။

မနက်ရုံးရောက်ပြီဆိုတာနဲ့ ရင်းနှ်ီးဖော်ရွေစွာ အချင်းချင်းနှုတ်ဆက်စကား ဆိုပါ။ နှစ်နာရီဝန်းကျင်လောက် အလုပ်ဆက်တိုက် လုပ်ပြီးလျှင် ကော်ဖီသောက်ခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ မြင်ကွင်းများ ကြည့်ခြင်း စသည်တို့ကို ပြုလုပ်ပါ။ ရုံးချိန်အပြည့်ကို ထိုင်ရာမှ မထဘဲ အလုပ်ဆက်တိုက် လုပ်ခြင်းက သင့်ကျန်းမာရေးအတွက်ရော သင့်လုပ်ငန်းခွင်အတွက်ရော ထိခိုက်နို်င်ပါတယ်။  

ဒ့ါကြောင့် လက်ရှိ မိမိအလုပ်မှာ ပျော်သလား တွေးပါ။ မပျော်လျှင် ပျော်စရာများကို ဖန်တီးပါ။ အနားယူပါ။

မိမိက လုပ်ငန်းရှင်ဆို မိမိနှင့်အလုပ်တွဲလုပ်နေသော ဝန်ထမ်းများကို ပျော်အောင်ထားပါ။ သိသာ ထင်ရှားစွာ သူတို့၏ ဖန်တီးနိုင်မှု စွမ်းအားများ တိုးတက်လာသည်ကို သင့် ခံစားရပါလိမ့်မယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။