ငရုတ်ကောင်းကို ဆေးမြီးတိုများ အဖြစ် အသုံးပြုကြပါသည်။ သိပ္ပံနည်းကျ သည်၊ မကျသည်ကို အတိအကျ မသိသော်လည်း အမှန်တကယ်ပျောက်ကင်းခဲ့သော တိုင်းရင်းဆေး ကုသနည်း တစ်မျိုးဖြစ်ပါသည်။

ငရုတ်ကောင်းကို ဆေးဖော်ရန်အတွက် သုံးစွဲမည် ဆိုပါက ထိုငရုတ်ကောင်းစေ့များကို ရေတွင် စိမ်လိုက်ပါ။ ရေမြုပ်သော ငရုတ်ကောင်းစေ့များသည် အဆန်ပြည့်ပြီး အာနိသင်ထက်ကာ ရေပေါ်သောငရုတ် ကောင်းစေ့များသည် အဆန်မပြည့် အာနိသင်မရှိသော ငရုတ်ကောင်းစေ့များဖြစ်၍ အသုံးမပြုဘဲ ပယ်ပစ်ရမည် ဖြစ်သည်။ ငရုတ်ကောင်းစေ့အစား မြေဆူပန်းအစေ့များကို ရောနှောရောင်းချ နေသူများရှိသည်။ သေချာ စစ်ဆေးခွဲခြားရန်လိုသည်။ ပုံသဏ္ဌာန် အရွယ်အစားတူသော်ငြားလည်း ဝါးစားကြည့်လျှင် ငရုတ်ကောင်းကဲ့သို့ ပူစပ်ခါးအရသာမရှိသည်ကို တွေ့ပါလိမ့်မည်။

ငရုတ်ကောင်း၏ ဆေးဘက်ဝင်ပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ကြို့ထိုးခြင်းကို ကုသနိုင်ခြင်း

အစားမှားပြီး၍ ဖြစ်စေ၊ မည်သည့်ကြောင့်ပင်ဖြစ်စေ ကြို့ထိုးနိုင်ပါတယ်။ ငရုတ်ကောင်းစေ့ကို အပ်ဖျားတွင်စိုက်ပြီး ဖယောင်းတိုင်မီးဖြင့် ကင်ပါ။ ငရုတ်ကောင်းစေ့မှ မီးလောင်ပြီး အခိုးအငွေ့များ ထွက်လာသောအခါ ထိုအငွေ့များကို ရှူရှိုက်ခိုင်းပါ။ သို့ပါက မကြာမီ ကြို့ထိုးပျောက်သွားသည်ဟု ကိုယ်တွေ့ကြုံသူ ပြောပြ ၍သိရပါသည်။

(၂) နှာခေါင်းသွေးလျှံမှုကို ကုသနိုင်ခြင်း

ငရုတ်ကောင်းအမှုန့်ကို နွားနို့ တစ်ခွက်တွင် ရောဖျော်ပြီးတိုက်ပါ။ နှာခေါင်း သွေးလျှံရပ်သွားပါလိမ့်မည်။

(၃) ငှက်ဖျားရောဂါအား ကုသနိုင်ခြင်း

ငရုတ်ကောင်းနှင့်ရှိန်းခိုကို ဆတူရောကြိတ်ထားပြီး နေ့စဉ်နံနက်အိပ်ရာထသည်နှင့် မကျည်းစေ့ခန့် စားသုံး ပေးလျှင် ငှက်ဖျားရောဂါမဖြစ်နိုင်ကြောင်းနှင့် အဖျားရောဂါ အတွက်လည်း အလွန်ထိရောက်ပါသည်။

(၄) မိခင်များအတွက် နို့ထွက်လွယ်ကူခြင်း

နို့တိုက်မိခင်များ နို့ကောင်းစွာမထွက်လျှင် ရှားစောင်း လက်ပပ်ကို ဟင်းခါးချက်၍ ငရုတ်ကောင်းမှုန့် နိုင်နိုင် ထည့်သောက်လျှင် နို့ထွက်စေနိုင်သည်။ အခြားတစ်နည်း မှာ ရှားစောင်းလက်ပပ်အမြစ်ကို အနည်းငယ်ထုထောင်း ပြီး ငရုတ်ကောင်းမှုန့်နှင့်ရော၍ ဟင်းခါးချက်သောက်လျှင် နို့ကောင်းစွာထွက်နိုင်ပါသည်။ ဟင်းခါးတစ်မျိုးမျိုးချက်ပြီး ငရုတ်ကောင်းအမှုန့်ခတ်ပြီး တိုက်ခြင်းဖြင့်လည်း နို့ထွက်စေနိုင်ပါသည်။

(၅) ဆီးပူရောဂါကို သက်သာစေခြင်း

အစပ် အမျိုးမျိုးသည် ဆီးကိုပူစေတတ်သော်လည်း ငရုတ် ကောင်းသည် ဆီးပူရောဂါကို သက်သာစေသည်။ ငရုတ်ကောင်း၏ အပူအစပ်သည် မျက်စိကိုလည်း မထိခိုက်စေနိုင်ပါ။ 

(၆) ချောင်းဆိုုး၊ ရင်ကြပ်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

ငရုတ်ကောင်းအမှုန့်ကို ပျားရည်နှင့်ရောစပ်ပြီး လျက်ပေးပါက ရင်ချောင်စေပြီး ချောင်းအဆက်မပြတ်ဆိုး သောရောဂါ၊ သလိပ်မရသောရောဂါများကို သက်သာစေနိုင်ပါသည်။

(၇) လေထိုးလေအောင့်နှင့် အစာအိမ်ရောဂါအား ပျောက်ကင်းစေခြင်း

ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့်ရောပြီး လျက်ပေးပါက လေထိုးလေအောင့်ရောဂါ၊ အစာအိမ် ရောဂါများ ပျောက်ကင်းစေနိုင်ပါသည်။

(၈) သွေးတက်ခြင်းကို သက်သာစေခြင်း

သွေးတက်ပါက နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်ပါသော ဆေးကို ဆတူစပ်ပြီး နှာခေါင်းအတွင်းသို့ မှုတ်သွင်း ခြင်းဖြင့် အတက်ကျစေနိုင်သည်။

(၉) အအေးမိခြင်းအား ပျောက်ကင်းစေခြင်း

နှာစေးချောင်းဆိုး၊ အအေးမိတုပ်ကွေး အဖျားမပြတ်လျှင် ကျောက်ဖရုံသီးကို ငရုတ်ကောင်းမှုန့်နိုင်နိုင်ခပ်၍ ဟင်းခါးချက်ကျွေးလျှင် ချွေးများထွက်၍ အဖျား သက်သာစေပါသည်။ ချောင်းခြောက်ဆိုးလျှင်လည်း ငရုတ်ကောင်းမှုန့်ကို ပျားရည်ဖြင့်စပ်၍ လျက်ပေးလျှင် လည်း သက်သာစေနိုင်သည်။

(၁၀) နှင်းခူရောဂါအား ကုသနိုင်ခြင်း

ကုသရခက်သော နှင်းခူရောဂါဖြစ်လျှင် ငရုတ်ကောင်း နှင့် ကြွေပုပ်စေ့ကို ရော၍ပြာချပြီး အုန်းဆီဖြင့်လိမ်းလျှင် သက်သာပျောက်ကင်းစေနိုင်သည်။ အခြားတစ်နည်းမှာ ငရုတ်ကောင်း၊ ပိတ်ချင်း၊ ချင်းခြောက်၊ ဆေးဒန်း၊ ကန့် တို့ကို ဆတူရော၍ အမှုန့်ပြုကာ အုန်းဆီ သို့မဟုတ် ရေနံချေးဖြင့်လိမ်းလျှင် နှင်းခူနာကြီးများကို ကွာကျစေ နိုင်သည်။

(၁၁) ညောင်းညာကိုက်ခဲခြင်းများကိုု သက်သာစေခြင်း

ညောင်းညာကိုက်ခဲ ပျောက်ဆေးအဖြစ်လည်း ငရုတ်ကောင်းကို အသုံးပြုနိုင်သည်။ အသက်ရှည်ကျန်းမာစေရန် အတွက် မြင်းခွာရွက် အခြောက်မှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ပျားရည်ကို ရောစပ်ပြီး ဆေးအဖြစ်နေ့စဉ်စားသုံးပါက အညောင်း အညာကင်းပြီး အသက်ရှည်စေနိုင်ပါသည်။

အထက်ဖော်ပြပါ ရှေးဆေးနည်း အသုံးပြုမှုများတွင် ဖော်ပြထားသည့် ငရုတ်ကောင်း၏ အသုံးဝင် အစွမ်းထက်ပုံများကို သိရှိပြီး အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါသည်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။