ယနေ့ခေတ် စီးပွားရေး လုပ်ငန်း အများစုသည် ကွန်ပျူတာ နှင့် ကင်းဝေး၍ မရပေ။ ထိုကဲ့သို့ပင် ဝန်ထမ်းအများစုသည်လည်း ကွန်ပျူတာကို နေ့စဉ်နှင့် အမျှ အသုံးပြုနေ ကြရပါသည်။ ထို့ကြောင့် လုပ်ငန်းခွင်တွင် ကွန်ပျူတာ အသုံးပြုများပါက အိမ်ပြန်ရောက်ချိန်နှင့် လုပ်ငန်းပြင်ချိန်များတွင် ကွန်ပျူတာ အသုံးပြုခြင်းနှင့် ဖုန်းအသုံးပြုခြင်းများကို ရပ်တန့်ရန် (သို့မဟုတ်) လျှော့ချရန် အလွန် အရေးကြီးပါသည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဆိုသည့်အတိုင်း မိမိ ကျန်းမာရေးကို အထူး ဂရုစိုက်ကြရန် တိုက်တွန်းချင်ပါသည်။

ကွန်ပျူတာ အသုံးပြုခြင်းသည် တစ်နေ့လျှင် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာခဲ့ပါက အောက်ဖော်ပြပါ ရောဂါများ ကို ခံစားနိုင်ရမည်ကို သိရှိစေချင်ပါသည်။

(၁) အမြင်အာရုံ ထိခိုက်ပျက်စီးခြင်း

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရသည့် အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။ မိမိ မျက်လုံးပါ၀ါကို အနည်းဆုံး တစ်နှစ်လျှင် နှစ်ကြိမ်မှ စစ်ဆေး သင့်ပါသည်။ လိုအပ်သော ဆေးဝါးများကိုလည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သောက်သုံးသင့်ပါသည်။

(၂) ကြွက်သားများ အားနည်းလားခြင်း

ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။ ထို့ကြောင့် မိမိကိုယ်တိုင် သတိထား၍ ဖြစ်စေ၊ နာရီ alarm ပေး၍ ဖြစ်စေ ကွန်ပျူတာ အသုံးပြုသည့် အခါတိုင်း တစ်နာရီခြား တစ်ခါ လမ်းလျှောက်ခြင်း၊ ရှုခင်းကြည့်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု လုပ်ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။

(၃) နာကျင်ကိုက်ခဲမှုများ ခံစားရခြင်း

ကွန်ပျူတာရှေ့မှာ ထိုင်တဲ့အခါ ခန္ဓာကိုယ်ပုံစံကို မပြောင်းလဲပဲ အလုပ်လုပ်နေတတ်တာကြောင့် ခန္ဓာကိုယ်၏ ဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲ လာတတ်ပါတယ်။ ဥပမာ-လည်ပင်နာခြင်း၊ ခါးနာခြင်း၊ ခန္ဓာကိုယ် လှုပ်ရှားတိုင်း နေရာတစ်ခုတည်းက အမြဲနာကျင်နေတတ်ခြင်း မျိုးတို့ ဖြစ်ပါတယ်။ 

(၄) လူမှုဆက်ဆံရေး အားနည်းလာခြင်း

ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့အတွက် တကယ့်အပြင် လူမှုဆက်ဆံရေးမှာ ထိခိုက် ပြောင်းလဲမှုတွေ ရှိလာ ပါတယ်။ ကွန်ပျူတာပေါ်က လူမှုကွန်ယက်တွေသည် တကယ့်အပြင် လူမူပေါင်းသင်းဆက်ဆံရေးနှင့် မတူညီ ကွဲပြားတာကြောင့် လုပ်ငန်းခွင်၊ ပေါင်းသင်း၊ ဆက်ဆံရေးတွေမှာ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဂိမ်းအဆော့များတဲ့သူတွေဆို ပိုပြီး သတိထားရမယ့် အချက် ဖြစ်ပါတယ်။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ အာရုံဟာ အရာဝတ္ထုတစ်ခုတည်းမှာ စုစည်းနေတတ်ပါတယ်။ ပတ်ဝန်းကျင်နှင့် မိမိကိုယ်တိုင်ကိုပါ မေ့နေတတ်ပါတယ်။

(၅) ခါးပြသနာများ ဖြစ်ပေါ်ခြင်း

ကွန်ပျူတာ အသုံးများခြင်းကြောင့် ခါးနာတာကတော့ ဖြစ်ကိုဖြစ်မယ့် ရောဂါဝေဒနာ တစ်ခုပါ။ ဘယ်လောက် သက်တောင့်သက်တာ ဖြစ်တဲ့ ထိုင်ခုံနဲ့ပဲ ထိုင်ထိုင် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ်တဲ့သူတွေအတွက် ကြောရိုးတစ်လျှောက်ဟာ နာကျင်တတ်ပါတယ်။ အသက်အရွယ်ငယ်တုန်းက မသိသာပေမယ့် ၄၀ ကျော်နောင်းပိုင်းကာလမှာ ကျောရိုးကိုက်ခဲ တဲ့ ဝေဒနာဟာ ကြီးမား တဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီလိုတွေ မဖြစ်ရအောင် ဘယ်လို ကာကွယ်ရမလဲ ?????

• ပထမဆုံးအနေနဲ့ မဖြစ်မနေ ကာကွယ်သင့်တာက ကွန်ပျူတာကို ကြာကြာကြည့်ပြီးနောက် မိနစ် ၂၀၊ နာရီဝက်တိုင်း ဖန်သားပြင် မဟုတ်တဲ့ အခြားတစ်နေရာတစ်ခုခုကို ကြည့်ရှုသင့်ပါတယ်။ ဖြစ်နိုင်လျှင် စိမ်းလန်းစိုပြေသော သစ်ပင်များကို ကြည့်ရှုပေးပါ။ ကြိမ်ဖန်များစွာ မျက်တောင်ခတ်ပေးရပါမယ်။ နည်းနည်းခပ်ဝေးဝေး အရာဝတ္ထုတစ်ခုခုကို စိုက်ကြည့်ရပါတယ်။ ၄၅ မိနစ်ကြာတစ်ခါ ပြုလုပ်လျှင် ပိုပြီးသက်သာစေပါတယ်။

• ကြွက်သား အားနည်းမှုနှင့် နာကျင်ကိုက်ခဲမှုများအတွက်ကတော့ အားကစားအနည်းငယ်လုပ်ပေးခြင်းနှင့် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဖြစ်ပါတယ်။ အိပ်ခြင်းဆိုတာ ခြေလက်၊ကြောရိုးများကို ဆန့်ပြီး အိပ်တာမျိုးကို ဆိုလိုပါတယ်။ အားကစားက ကြွက်သားတွေကို သန်မာလာစေပြီး အိပ်စက်ခြင်းက ခန္ဓာကိုယ်ကြွက်သားတင်း တင်းမာနေမှုများကို လျော့ချပေးနိုင်ပါတယ်။

• လူမှုဆက်ဆံရေး အားနည်းလာခြင်း

လူမှုဆက်ဆံရေး အားနည်းလာခြင်းအတွက် ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းကတော့ အာရုံများများ စိုက်ရတဲ့ Program, ဂိမ်းတို့ကို ဆက်တိုက် အသုံးမပြုမိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ကိုလည်း တတ်နိုင်သလောက် ကူညီဖို့နဲ့ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ဖို့အတွက် အရေးကြီး လိုအပ်ပါတယ်။  

• ခါးပြသနာများ ဖြစ်ပေါ်ခြင်း

ခါးပြသနာများ ဖြစ်ပေါ်ခြင်း အတွက် ကြောရိုးကို ပျော့ပြောင်းစေမယ့် အားကစားတစ်ခုခု လုပ်ပေးခြင်း၊ ကြောရိုးဆန့် အိပ်ခြင်းတို့ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အားကစားကတော့ ရေကူးတာမျိုး၊ ဘတ်စကတ်ဘော ဆော့တာမျိုးတို့ ဖြစ်ပါတယ်။ အလွယ်ဆုံးကတော့ အကြောဆန့်ခြင်း ဖြစ်ပါတယ်။ ဒါက အချိန်သီးသန့်ပေးစရာ မလိုပဲ နေရာတိုင်းမှာ အဆင်ပြေသလို လုပ်ဆောင်နိုင်ပါတယ်။

ဒါကြောင့် ကွန်ပျူတာကြာရှည်စွာ အသုံးပြုသူများဟာ ဖြစ်လာနိုင်တဲ့ ရောဂါဝေဒနာများကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်တတ်ရန်လည်း လိုအပ်ပါတယ်။ ဖော်ပြပါ အချက်များ အားလုံးကို ကောင်းမွန်စွာ နားလည်နိုင်စေပြီး ကျန်းမာရေး ကောင်းမွန်သော လုပ်ငန်းခွင်တွင် အောင်မြင်သောသူများ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။