အသီးအနှံစားသုံးတာကလည်း ကျန်းမာရေးအတွက် ဗီတာမင်စီဓာတ်အပါဝင် အာဟာရတစ်ချို့ ဖြည့်စွမ်းပေးနိုင်သလို ကျန်းမာရေးမကောင်းသူတွေနဲ့လည်း စားလို့သင့်ပါတယ်။ အထူးသဖြင့် ဘလူးဘယ်ရီသီးများနဲ့ စတော်ဘယ်ရီသီးများကိုပုံမှန်စားသုံးလေ့ရှိတဲ့ အမျိုးသမီးများအတွက် နှလုံးဖောက်ပြန်မှု (Heart Attack) ဖြစ်နိုင်ချေလျော့နည်းနိုင်တယ်လို သတင်းတစ်ပုဒ်မှာဖော်ပြထားပါတယ်။

အဲဒီ့ဘယ်ရီသီးများမှာပါဝင်တဲ့ Anthocyanins များဟာ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်တဲ့ antioxidants များဖြစ်ပြီး နှလုံး အတွက် အထူးသင့်လျော်တဲ့ ဓာတ်ဖြစ်ပါတယ်။ ဒီ Anthocyanins များကြောင့် ဘယ်ရီသီးများ အပါအဝင် အခြား အသီးအရွက်များမှာ အနီရောင်၊ အပြာရောင် နဲ့ ခရမ်းရောင်များဖြစ်စေတာပါ။

သုတေသနပြုမှုအတွက် အသက် (၂၅)နှစ်မှ (၄၂)နှစ် အတွင်းရှိတဲ့ အမျိုးသမီးပေါင်း (၉) သောင်းကျော်ကို (၁၈) နှစ်ကြာ လေ့လာခဲ့ပါတယ်။ ရက်သတ္တပတ်တစ်ပတ်ကို ကော်ဖီပန်းကန်လုံးတစ်ခွက်ခွဲခန့် ဘယ်ရီသီးများစားသုံးလေ့ရှိတဲ့ အမျိုးသမီး များမှာ နှလုံးဖောက်ပြန်မှုကို (၃၂) ရာခိုင်နှုန်းအထိ လျော့နည်းစေကြောင်းရေးသားထားပါတယ်။

အသက်အရွယ်၊ သွေးတိုးရောဂါရှိခြင်း၊ နှလုံးဖောက်ပြန်မှု မျိုးရိုးရှိခြင်း၊ အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကဖိန်းဓာတ်များ အလွန်အကျွံသောက်ခြင်း နဲ့ အရက်သောက်ခြင်း တို့ဟာ နှလုံးဖောက်ပြန်မှု ကိုဖြစ်စေတဲ့ အကြောင်းရင်းများပါပဲ ဖြစ်ပါတယ်။

သုတေသနပြုမှုမှာ ဘလူးဘယ်ရီသီးနဲ့ စတော်ဘယ်ရီသီးများကို အဓိကအသုံးပြုလေ့လာခဲ့ပေမဲ့ Anthocyanins ဓာတ် ကြွယ်ဝတဲ့ အခြားသော အသီးအနှံများဖြစ်တဲ့ ခရမ်းသီး၊ ရတ်စဘယ်ရီသီး၊ စပျစ်သီးခြောက်၊ ဇီးသီးနဲ့ ချယ်ရီသီးများ ကိုစားသုံးခြင်းဖြင့်လည်း ထိရောက်မှုရှိနိုင်တယ်လို့ သုတေသီအဖွဲ့ခေါင်းဆောင် က ဖြည့်စွက်ပြောကြားထားပါတယ်။

ငယ်ရွယ်တဲ့အမျိုးသမီးများမှာ နှလုံးဖောက်ပြန်မှုပမာဏ အလွန်နည်းပါးပေမဲ့ ငယ်ရွယ်စဉ်ကတည်းက ဒီလို အသီးအနှံများ မှန်မှန်စားသုံးပေးမယ်ဆိုရင် အသက်အရွယ်ကြီးရင့်လာတဲ့အခါ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုအသီးအနှံများပုံမှန်စားသုံးခြင်းဖြင့် ကောင်းမွန်သော ကိုလက်စထရောလို့ ခေါ်တဲ့ HDL များမြင့်တက်လာစေပါတယ်။ ဒါကြောင့် နှလုံးဖောက်ပြန်ခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောင်ယမ်းခြင်း ၊ နှလုံးကြီးခြင်းကို လျော့နည်းစေပါတယ်။

သတင်းအရင်းမြစ် Myanmar People mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။