ခုကာလမှာ အရာရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကိုယ်တတ်နိုင်တဲ့ နေရာတွေမှာတော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့မှုတွေ လုပ်ပေးနေကြဆဲပါ ။ ငွေအားတတ်နိုင်သူက လိုအပ်တဲ့ အရာတွေ လှူဒါန်းပေးနေကြသလို လုပ်အား တတ်နိုင်သူတွေကလည်း စေတနာမေတ္တာအပြည့်နဲ့ ကိုယ်ကျိုးစွန့်ကာ ပရဟိတ အလုပ်တွေကို ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေကြတာကို တွေ့ရပါတယ် ။
ဒီလို လှူဒါန်းကြသူတွေ အထဲမှာ သရုပ်ဆောင် ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ ။ နေ့ရက်တိုင်း မမောမပန်းနိုင်အောင် လိုအပ်တဲ့ နေရာတွေကို သွားရောက်ကာ ကူညီ ထောက်ပံ့ပေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ် ။ အခုလည်း မန္တလေးက အိမ်ခြေ (၂၀၀) စာအတွက် ဆန်(၃)ပြည်၊ဆီ (၁) ဗူး၊ ကြက်ဥ (၁၀)လုံး တို့ကို လှူဒါန်းခဲ့တာကို တွေ့ရပါတယ် ။
အလှူနဲ့ ပတ်သက်ပြီး ကြည်နူးပီတိဖြစ်ခဲ့ရပုံတွေကိုလည်း " ချစ်သော မန္တလေး....မန္တလေး ရောက်တုန်း (၂)နေရာခွဲ၍ အိမ်ခြေ(၂၀၀)စာ ဆန်(၃)ပြည်၊ဆီ (၁) ဗူး၊ ကြက်ဥ (၁၀)လုံး တို့ကို လှူဒါန်းခဲ့ပါတယ်ရှင်..ဟန်ဆောင်မှုကင်းတဲ့ မန်းလေးသူ မန်းလေးသားတို့ကို အရမ်းပဲ ချစ်ခင်မိပါတယ်..အလှူမှာ အရမ်းပဲ ပီတိဖြစ် ပျော်ခဲ့ရပါတယ်..ကူညီပေးကြပါသော ပရဟိတ ညီအစ်ကို မောင်နှမများကိုလဲ ကျေးဇူး အများကြီးတင်ပါတယ်…အားလုံးပဲ ထပ်တူကုသိုလ် ရရှိကြပါစေရှင်.." ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။