အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ တွင် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် ရေစကြိုနှင့် မြောင်မြို့နယ်ချင်း ထိစပ်နေသော ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေလှံ၊ မြစ်ဆုံနှင့် ကျောက်ရစ်ကျေးရွာများတွင် စက်တင်ဘာ ၈ ရက်မှစကာ သုံးရက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့တွင် ဒေသခံ PDF အဖွဲ့များက ရဲစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် စစ်တပ်က ကျောက်ရစ်ရွာတွင် အထိုင်ချတပ်စွဲခဲ့ပါတယ်။
ထိုတိုက်ပွဲများကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေစဉ် စက်တင်ဘာ (၁၂) တွင် အိမ်ခြေ ၃၀၀ ရှိ ကျောက်ရစ်ရွာကို စစ်တပ်က မီးရှို့ခဲ့ခြင်းများလဲ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေက ကျောက်ရစ်ကျေးရွာအတွင်း ဆက်လက်တပ်စွဲထားတာကြောင့် ရွာသားတွေ နေရပ်မပြန်ရဲကြပဲ စစ်ရှောင် ၁၀၀၀ ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူဆီက သိရပါတယ်။
"မြောင်မြို့နယ်မှာ ပထမတုန်းက CDM ဝန်ထမ်းနှစ်ရာကျော်၊ သုံးရာနီးပါးတုန်းက စားနပ်ရိက္ခာ လုံလုံလောက်လောက် ရှိပါသေးတယ်။ အခုဟာက စက်တင်ဘာ ၁၂ ရက်နေ့က ကျောက်ရစ်ရွာကို စစ်ကောင်စီက မီးရှို့တာကြောင့် ဒေသခံတွေ ထပ်တိုးလာပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့အထိ ရွာသားတွေ မပြန်ရဲကြသေးဘူး။ လက်ရှိမှာတော့ ဆန်၊ ဆီ စတာတွေ အနည်းအကျဉ်းတော့ရှိပါသေးတယ်။ တစ်ပတ်ထိတော့ လုံလောက်မယ် ထင်ပါတယ်။ မြောင်မြို့နယ်က စစ်ဘေးရှောင်တွေအတွက် အမြန်ဆုံး စားနပ်ရိက္ခာအတွက် ကူညီပေးကြပါဦး" လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး တာဝန်ရှိသူက ပြောပါတယ်။