ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တစ်ရက်တည်း ပိုးတွေ့လူနာသစ် (၁၂,၇၀၉) ယောက် ရှိခဲ့ပြီး သေဆုံးသူ (၁၁၇) ယောက်ထိ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၁၄ သိန်းကျော် (၁,၄၈၉,၁၈၆ ယောက်) ရှိလာခဲ့ပြီး၊ ရောဂါပြန်လည် ပျောက်ကင်းလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၃သိန်းကျော် (၁,၃၄၁,၁၄၄ ယောက်) ရှိလာခဲ့ပြီး၊ သေဆုံးသူ စုစုပေါင်း (၁၅,၄၆၉) ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ယခုလက်ရှိ ၂၄ နာရီအတွင်း ရောဂါပြန်လည် ပျောက်ကင်းလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ (၁၁,၁၂၅) ယောက် ရှိနေခဲ့တာပါ။
ထိုင်းနိုင်ငံကို စက်တင်ဘာလ ၁၃ ရက်နေ့က တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းထပ်မံရောက်ရှိလာခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ တရုတ်အစိုးရနဲ့ ပူးပေါင်းမှုအရ ၉ ကြိမ်မြောက် ကာကွယ်ဆေးရောက်ရှိလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့ကတည်းက လက်ရှိအချိန်ထိ ထိုင်းနိုင်ငံကို ကာကွယ်ဆေး ၁၅ သန်း ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ထိုင်းနိုင်ငံကတော့ ကူးစက်မှုအမြင့်ဆုံးအမှတ်စဉ် ၄ နေရာမှာ ရှိနေပြီး အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။