ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးကတော့ ယနေ့အချိန်ထိ သွေးမအေးသွားဘဲ ပြည်သူတွေမှာ ရရာလက်နက်ဆွဲကိုင် တော်လှန်နေကြတာ ဖြစ်ပါတယ်။ အမျိုးသားတွေအပြင် အမျိုးသမီးတွေမှာလည်း ကျားမ မရွေး ကျရာတာဝန်ထမ်းဆောင်ရင်း အာဏာရှင်တွေကို ဆန့်ကျင်တော်လှန်နေကြတာ ဖြစ်ပါတယ်။
မြန်မာပြည်အနှံ့နေ့တိုင်းလိုလို လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြပြီး ဒီကနေ့စက်တင်ဘာလ (၂၀)ရက်နေ့မှာလည်း အမျိုးသမီးတွေဟာ ဓားမနဲ့ပလိုင်းဆွဲကိုင်ကာ လူထုလှုပ်ရှားမှုတွေ ဦးဆောင်ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းဒေသမှ အမျိုးသမီး ပင်မသပိတ်စစ်ကြောင်းဟာ အာဏာရှင် စနစ်ချေမှုန်းရေးအတွက် ဓားမနဲ့ပလိုင်းကိုင်စွဲပြီး ချီတက် သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။
"ပလိုင်းဟာ တောင်တန်းပြည်မညီညွတ်ကြသည်ဆိုသော အဓိပ္ပာယ်ဖြစ်ပြီး ဓားကတော့ တောင်ယာခုတ်ဓား ညီစေသား " ဆိုတဲ့ အဓိပ္ပါယ်နဲ့ အမျိုးသမီးများက ဓားနဲ့ ပလိုင်းကိုင်ဆောင်ချီတက် သပိတ်မှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အကြမ်းဖက်မှုတွေကြားက ရဲရဲတောက်ခွန်အားသတ္တိတွေနဲ့ အာဏာရှင်ကိုချေမှုန်းရေးအတွက် ရှေ့ထွက်ရဲတဲ့ အမျိုးသမီးများရဲ့ စိတ်ဓာတ်မြင့်မားမှုတွေကတော့ ပြည်သူတွေကို ချီးကျူးလေးစားစေပါတယ်။