ချစ်သူစုံတွဲများအကြား အရောင်းသွက်နေတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးတွေနဲ့ပတ်သက်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပါတယ်။ အမြဲတမ်းလိုလို သုံးစွဲနေမိရင် ကိုယ့်ရဲ့ကျန်းမာရေးအတွက် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေဖြစ်လာမလဲဆိုတာ သိထားသင့်ပါတယ်

ကိုယ်ဝန်တားဆေးများသည် အမြင်အာရုံချို့တဲ့မှုမှအစပြု၍ ခေါင်းတခြမ်းကိုက်ခြင်း စသောထူးဆန်းသည့်ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။ အကယ်၍ ဤကဲ့သို့ရောဂါဝေဒနာများခံစားရပါက မည်ကဲ့သို့ပြုလုပ်သင့်သည်ကို အောက်ပါလမ်းညွှန်ချက်များအရ သိရှိနိုင်ပါသည်။

ကိုယ်အလေးချိန်တိုးခြင်း၊ ပျို့ခြင်း၊ ရင်သားတင်းခြင်းနှင့် ဓမ္မတာမမှန်ခြင်းတို့သည် ပဋိသန္ဓေအားဆေးများ၏ လူသိများသော ဘေးထွက်ဆိုးကျိုးများဖြစ်ကြသော်လည်း အခြားလူသိနည်းသော ဘေးထွက်ဆိုးကျိုးများလည်းရှိနေပါသေးသည်။ ထိုနည်းတူစွာ အချို့ဘေးထွက်ဆိုးကျိုးများသည် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ရုံသာဖြစ်၍ အချို့မှာမူ အသက်အန္တရာယ်ထိဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် ၎င်းဘေးထွက်ဆိုးကျိုးများ၏ အန္တရာယ်ကိုခွဲခြားရန်နှင့် တားဆေးများ၏ ထင်မှတ်မထားသော ဆိုးကျိုးများကို တုံ့ပြန်ရန်ကျွမ်းကျင်အမျိုးသမီးကျန်းမာရေး ပညာရှင်များက အောက်ပါအတိုင်းလမ်းညွှန်ထားသည်။

1. မှိုရောဂါများ

နယူယောက်မြို့ Mount Kisco ၏ မန်နေဂျင်းဒါရိုက်တာတစ်ဦးဖြစ်သူ သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာ Alyssa Dweek က ဆီးချိုရောဂါကိုကောင်းစွာမထိန်းသိမ်းနိုင်သော လူနာများ (သို့) ကိုယ်ခံအားစနစ်အားနည်းသော လူနာများတွင် တားဆေးများသောက်သုံးပါက မှိုရောဂါပိုမိုဖြစ်စေနိုင်ကြောင်း ပြောကြားထားသည်။ ဆေးဆိုင်များတွင်အလွယ်တကူဝယ်ယူ၍ ရနိုင်သော မိန်းမကိုယ်မှိုသတ်လိမ်းဆေးများနှင့် သောက်ဆေးများဖြင့်ကုသ၍ ရနိုင်သော်ငြားလည်း နာတာရှည်ဖြစ်လာပါက သန္ဓေတားရန်အခြားနည်းလမ်းများကို ပြောင်းလဲစဉ်းစားသင့်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

2. အမြင်အာရုံနှင့်ဆက်စပ်လျက်ရှိသောပြဿနာများ

အမေရိကန်နိုင်ငံ မျက်စိဆိုင်ရာအဖွဲ့အစည်းကြီး၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Beth Kneib ၏ ပြောကြားချက်အရ တားဆေးများသောက်သုံးခြင်းကြောင့် ဟော်မုန်းအပြောင်းအလဲများဖြစ်ပြီး မျက်ရည်ခန်းခြောက်ခြင်းဝေဒနာကို ခံစားရလေ့ရှိကြောင်းသိရပါသည်။ အမြင်အာရုံဝေဝါးလာပါက ဆရာဝန်နှင့်ချက်ချင်း ကုသမှုခံယူသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အခြားပိုမိုဆိုးရွားသော မျက်စိရောဂါများဖြစ်နိုင်ခြင်းကြောင့်ဟုလည်း သူမကပြောကြားထားပါသည်။

3. သွေးခဲဖြစ်ပေါ်ခြင်းများ

ပဋိသန္ဓေတားဆေးများကြောင့် သွေးခဲဖြစ်ခြင်းမှာရှားပါးသော်လည်း အလွန်ပင်ကြောက်စရာကောင်းသော ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါသည်။ တစ်နှစ်လျှင် တားဆေးသောက်သုံးသော အမျိုးသမီးဦးရေ 10,000 တွင် 3 ယောက်မှ 10 ယောက်ထိ သွေးခဲခြင်းဖြစ်နိုင်ကြောင်း အမေရိကန်မီးယပ်နှင့်သားဖွားမဂ္ဂဇင်း၏ မှတ်တမ်းများအရသိရပါသည်။ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ အသက် 35 နှစ်အထက်ရှိခြင်း (သို့) မကြာခင်က ကလေးမွေးထားခြင်း စသည့်အချက်တို့သည် သွေးခဲခြင်းဖြစ်နိုင်ချေကိုပိုမိုမြင့်မားစေပါသည်။

သွေးခဲဖြစ်ပေါ်ခြင်း ရှိ/မရှိ သိစေရန်မှာ -

- အသက်ရှူရခက်ခဲခြင်း (သို့) ရင်ဘတ်အောင့်ခြင်းတို့သည် နှလုံး (သို့) အဆုတ်တွင် သွေးခဲဖြစ်နေသည်ဟု ညွှန်ပြနိုင်သော လက္ခဏာများဖြစ်သည်။

- ခြေထောက်များရောင်ရမ်း၍ နာကျင်နေပါက သွေးပြန်ကြောများအတွင်း သွေးခဲခြင်းဟု ယူဆနိုင်ပါသည်။

ဆန်ဖရန်စစ်စကို (One) ကျန်းမာရေးအသင်း၏ သားဖွားနှင့်မီးယပ်အထူးပြုအဖွဲ့ မန်နေဂျင်းဒါရိုက်တာ Dr.Kyo Ko Pana-Robles ကမူ သွေးခဲခြင်းဖြစ်ပေါ်ခြင်း ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက ဆရာဝန်နှင့်အမြန်ဆုံးတိုင်ပင်ဆွေးနွေးရန် အကြံပြုပြောဆိုထားသည်။

4. ခေါင်းတခြမ်းကိုက်ခြင်း (Migraine)

Dr.Kyoko ကဆက်လက်၍ ယခင်ကပင် ခေါင်းတခြမ်းကိုက်တတ်သူများတွင် တားဆေးသောက်သုံးပြီးပါက ပိုမိုဆိုးရွားလေ့ရှိကြောင်းပြောဆိုထားသည်။ 2014 ခုနှစ် အာရုံကြောဆိုင်ရာ လတ်တလောထင်မြင်ချက်များ၏ စစ်တမ်းအရ အမျိုးသမီးဟော်မုန်း (အီစထရိုဂျင်) ကျဆင်းပါက ခေါင်းတခြမ်းကိုက်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ကြောင်းသိရပါသည်။ ၎င်းခေါင်းကိုက်ရောဂါသည် ရာသီမလာမီနှင့် လာပြီးခါစတွင် ပိုမိုဖြစ်ပွားလေ့ရှိကြောင်း Dr.Kyoko က ထပ်ဆင့်ပြေကြားသည်။ ရောဂါဝေဒနာရှင်များသည် အမျိုးသမီးဟော်မုန်းပါ၀င်မှုနည်ပါးသော တားဆေးများကို ဆရာဝန်နှင့်တိုင်ပင်၍ သောက်သုံးသင့်ကြောင်းလည်း သူမက လမ်းညွှန်ပေးထားသည်။

5. စိတ်ကျရောဂါခံစားရခြင်း

Dr.Pena-Robles ၏ ပြောကြားချက်အရ တားဆေးများတွင်ပါ၀င်သော ဟော်မုန်းများကြောင့် အာရုံကြောပို့ဆောင်ရေးစနစ်များ၏ မျှခြေအနေအထားကို ပျက်ယွင်းစေတတ်ပြီး စိတ်ပိုင်းဆိုင်ရာမူမမှန်မှုများမျိုးရိုးရှိသည့် အမျိုးသမီးတို့တွင် စိတ်ကျရောဂါပိုမိုဖြစ်စေနိုင်ကြောင်းသိရပါသည်။ သို့သော်စိတ်ကျရောဂါသည် အခြားအကြောင်းအရင်းများစွာကြောင့်လည်း ဖြစ်တတ်သောကြောင့် ဖြစ်စေသောအဓိကအကြောင်းအရင်းကိုရှာဖွေရန်မှာ အရေးကြီးပါသည်။ အကယ်၍ တားဆေးနှင့် ဆက်စပ်လျက်ရှိသောစိတ်ကျဝေဒနာဆိုပါက ဆရာဝန်သည် ဟော်မုန်းမပါသော (သို့) ပါ၀င်မှုအလွန်နည်းပါးသော သန္ဓေတားဆေးများကိုသာ သောက်သုံးရန်အကြံပြုပေးလိမ့်မည်။

6. အမျိုးသားနှင့်ဆက်ဆံစဉ်နာကျင်ခြင်း

ပဋိသန္ဓေတားဆေးများကြောင့် နာတာရှည်ဆီးစပ်နာခြင်းနှင့် အမျိုးသားနှင့်အတူနေစဉ် သက်တောင့်သက်သာမဖြစ်စေခြင်းတို့ကို ခံစားရလေ့ရှိကြောင်း Dr.Pena-Robles ၏ ပြောကြားချက်အရသိရပါသည်။ ဖြစ်စေသော အကြောင်းအရင်းမှာ တားဆေးတွင်ပါ၀င်သော အမျိုးသမီးဟော်မုန်းကြောင့် စိတ်ဆန္ဒနည်းပါးလာခြင်း၊ ချောဆီအထွက်နည်းခြင်းနှင့် နောက်ဆုံးတွင် နာကျင်ခြင်းဝေဒနာကို ခံစားရခြင်းဖြစ်သည်။ ဆီးစပ်နာခြင်းအကြောင်းကို ဆရာဝန်နှင့်တိုင်ပင်ခြင်းဖြင့် အခြားအခြေအနေများ (ဥပမာ- သားအိမ်အတွင်း အလုံးတည်ခြင်း) ကြောင့် ဟုတ်/မဟုတ်ကို စစ်ဆေးပေးနိုင်ပါသည်။ အမျိုးသားနှင့် ဆက်ဆံစဉ်နာကျင်ပါကလည်း အခြားသန္ဓေတားခြင်းနည်းလမ်းများကို ဆရာဝန်ထံမှ အကြံဉာဏ်ရယူနိုင်ပါသည်။

သတင်းအရင်းမြစ် Dr. Thinzar Wynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။