အခုလို မိုးရာသီနဲ့ လိုက်ဖက်တဲ့ ပေါ့ပါးတဲ့ အစားအသောက်ကို ပြောပါဆိုရင် ရခိုင်မုန့်တီ ကို ရွေးချယ်တာ မမှားနိုင်ပါဘူး။ ရခိုင်မုန့်တီကို မိန်းကလေး အများစု ကြိုက်နှစ်သက်ရုံသာမက တစ်ချို့သော ယောက်ျားလေးတွေလည်း ကြိုက်နှစ်သက်ကြပါတယ်။ ရခိုင်အစားအစာတွေက တခြားအစားအစာတွေလို ဆီတွေ သိပ်မများဘဲ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားကောင်းတာကြောင့် ယနေ့ခေတ်မှာ ရခိုင်အစားအစာက တွင်ကျယ်ခေတ်စား လူသိများလာကြပါတယ်။

ရခိုင်အစားအစာလို့ ဆိုလိုက်တာနဲ့ လူတိုင်းသိတဲ့ အစားအစာကတော့ ရခိုင်မုန့်တီပါပဲ။ တစ်ချို့ဆို ၀ိတ်ချတဲ့ အနေနဲ့လည်း ရခိုင်မုန့်တီကို စားသုံးကြပါတယ်။ ဒီလို လူကြိုက်များတဲ့ ရခိုင်မုန့်တီချက်နည်းလေးကို မျှဝေချင်ပါတယ်။ အိမ်မှာနေရင်းဖြစ်ဖြစ်၊ ကိုယ် ချစ်သူ၊ ခင်သူတွေကို ချက်ကျွေးချင်လို့ပဲဖြစ်ဖြစ် ဒီနည်းလေးအတိုင်း ချက်ကျွေးနိုင်ပါတယ်။ 

(၁) အာပူ ဟင်းရည် ပြုလုပ်နည်း

- ငါးကို သန့်စင်ပြီး ဆား၊ ဆနွင်းနှင့် ရေနည်းနည်း ထည့်ပြုတ်ပါ (ဆနွင်းကို အများကြီး မသုံးမိဖို့တော့ မှာချင်ပါတယ်)။ ငါးပြုတ်ရည်များကို သပ်သပ်ဖယ်ထားပါ။

- ခဏအကြာ ငါးအသားနွှင်ပြီး တစ်ဝက်ကို ဂျင်း၊ ကြက်သွန်ဖြူ နဲ့ ရေတို့ကို စပ်၍ ခြောက်အောင် လှော်ပါ။

- ထို့နောက် ငါးပြတ်ရည်နှင့် ရေအနည်းငယ် ရော၍ ဆူအောင်တည်ပါ။

- ပုဇွန်ငပိ ကို ရေဖျော်ပြီး အရေကြည်လေးသာ စစ်ထည့်ပါ။

- အပေါ့ အငံ မြည်းပြီး ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်း ထည့်ပါ။

- အစပ်လိုချင်လျှင်် ငရုတ်သီးစိမ်း လိုသလောက်ထောင်း ထည့်ပါ ။ ထိုအခါ အာပူဟင်းရည် ရပါပြီ။ 

(၂) မုန့်တီသုပ် အတွက် ငါးဆီသက်နည်း

- ငါးဖယ်ကြော်ပါ

- ကြက်သွန်ဖြူ ဆီသက်ထားပါ

- ကျန်တဲ့ ဆီအနည်းငယ်နှင့် ငါးအသား တစ်ဝက်ကို ဂျင်းကြက်သွန်ဖြူနှင့် ရောပြီး ဆီသက်ပါ။ (ပုဇွန်ငါးပိ အနည်းငယ် ထည့်နိုင်ပါတယ်။)

- ပုဇွန်ငံပြာရည်နှင့် ဟင်းခတ်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်း လိုသလောက် ထည့်ပါ။

- ရေအနည်းငယ် ထည့်ပြီ ကြော်ပါ။ ဒါဆိုရင် အသုပ်အတွက် ငါးဟင်း ကျက်ပါပြီ။

(၃) မုန့်တီသုပ်နည်း

- မုန့်ဖတ် ထည့်ပြီး ငါး ဆီသက်ထားတာကို ထည့်ပါ။

- ကြက်သွန်ဖြူ ဆီချက်ထည့်ပါ။

- ပုဇွန်ငံပြာရည်၊ အချိုမှုန့် (ပဲသီး ကြိုက်ရင်ထည့်ပါ) ၊ နံနံပင်၊ သံပုရာရည် (သို့မဟုတ်) မန်ကျည်းရည် ထည့်သုပ်ပါ။

ထို့နောက် အရသာရှိစွာ သုံးဆောင်နိင်ပါတယ် ။ အိမ်မှာ ချက်စားတဲ့ နည်းလေးလေးမို့ အလွယ်တကူ ချက်စားနိုင်ပါတယ်။ အကြိုက်တူရင်လည်း သူငယ်ချင်းတွေကို ဒီနည်းလမ်းလေး မျှဝေပေးနိုင်ပါတယ်။ ရခိုင်မလေး တွေရဲ့ ချက်နည်းကိုတော့ မီမယ် မထင်ဘူးပေါ့နော်။

အားလုံးပဲ အရသာ ရှိရှိ သုံးဆောင်နိုင်ကြပါစေ ….  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။